မော်လမြိုင် ဩဂုတ် ၂၇

 

မွန်ပြည်နယ် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ် လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီး နိုင်လယိတမက မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများ၏ တစ်မြို့နယ်ချင်းအလိုက် အခွန်ကောက်ခံရရှိမှုများ၊ အခွန်ထမ်းသစ် ဖော်ထုတ်နိုင်မှုများ၊ အခွန်ကြွေးကောက်ခံရရှိမှုများ၊ သတင်းစာရင်းရရှိမှုအပေါ်ဆောင်ရွက်ပြီးစီးမှုများ၊ အခွန်ပညာပေးဆောင်ရွက်ထားမှုများကို သိရှိလိုသည့်အတွက် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများကလည်း မိမိတို့ မြို့နယ်အတွင်း မိမိလုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက တင်ပြစေလိုကြောင်း၊ မိမိတို့ဘက်မှလည်း တတ်နိုင်သရွေ့ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက အခွန်ထမ်းပြည်သူများ အခွန်ပညာပေး လုပ်ငန်းများကို ဌာနကသတ်မှတ်‌ ပေးထားသည့် သတ်မှတ်ရက်အတိုင်း ဆောင်ရွက်ရန်၊ ပြေစာ အမှတ်တံဆိပ် ကပ်နှိပ်ရသည့် လုပ်ငန်းငါးမျိုးကို စိစစ်၍ ပျက်ကွက်မှုများကို အရေးယူဆောင်ရွက်ရန်၊ အခွန်ကြွေးသစ်များကို ပထမ(၆)လပတ်ကုန်တွင် အပြေ‌အကျေကောက်ခံရရှိစေရေးတို့ကို ပြောကြားသည်။

 

ရှင်းလင်းတင်ပြ

ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူးများက အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ် စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)