= အဘိရူပ =

 

“အစ်မရေ... အစ်မတို့ဌာနရဲ့ Facebook Page မှာ Electronic Payment စနစ်အသုံးပြုပြီး Online ကနေ အခွန်ပေးဆောင်နိုင်ပါပြီဆိုတဲ့ Post လေးတွေ့လိုက်တော့ e-Payment နဲ့ပတ်သက်ပြီး အစ်မတို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို ကျယ်ကျယ် ပြန့်ပြန့်သိချင်လာလို့ အစ်မဆီ လာမေးတာပါ။ ညီမလေး သိချင်တာလေးတွေ ရှင်းပြပေးပါဦးနော်”

 

“အော်.. ညီမလေးရယ်ရှင်းပြပေးမှာပေါ့။ ဒါပေမယ့် ညီမလေးရဲ့ မေးခွန်းတွေ မမေးသေးခင် အစ်မမေးတဲ့ မေးခွန်းလေးကို အရင်ဖြေပေးရမယ်နော်။ ကဲ...ဘယ်လို လဲ ဖြေမယ်မဟုတ်လား။”

 

“တို့အစ်မက အကျိုးမရှိတဲ့စကား မပြောဘူးဆိုတာ ယုံပြီးသားပါနော်။ မေးပါ။ မေးပါ အစ်မရေ။”

 

“ကိုင်း...မေးပြီနော်။ Facebook မှာ Electronic Payment စနစ်အသုံးပြုပြီး Online ကနေ အခွန် ပေးဆောင်နိုင်ပါပြီဆိုတဲ့ Post လေးတွေ့လိုက်တော့ ပြည်သူတစ်ယောက်အနေနဲ့ စိတ်ထဲမှာ ဘယ်လိုခံစား လိုက်ရသလဲ”

 

“အစ်မမေးတဲ့ မေးခွန်းကို (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ အမေစုပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက်ကို ကိုးကားပြီးပြန်ဖြေမယ်နော် အစ်မ။ အမေစုပြောတဲ့မိန့်ခွန်းထဲမှာ COVID-19 ကူးစက်ရောဂါကြောင့် မိမိတို့သည် ဒစ်ဂျစ်တယ် နည်းပညာနှင့် ဒစ်ဂျစ်တယ် စီးပွားရေးဘက်သို့ အလျင် အမြန်ကူးပြောင်းနေသည်ဖြစ်ရာ အာဆီယံအနေဖြင့် ဒစ်ဂျစ်တယ်ခေတ်ပြောင်းတော်လှန်ရေးနှင့် ဒစ်ဂျစ်တယ် စက်မှု ၄ ဒသမ ၀ တို့နှင့် ကျင့်သားရ၍ အသားကျနိုင်ရန်နှင့် ၎င်းတို့ကို အပြည့်အဝ အသုံးချနိုင်ရန်လိုအပ်ကြောင်း ဆိုတဲ့အချက် ပါတယ်လေ အစ်မရဲ့။”

 

“အဲဒီတော့...ညီမလေးပြောချင်တာက...”

 

“e-Payment အကြောင်း Post ကိုဖတ်လိုက်ရတဲ့အခါမှာ တို့အစိုးရကတော့ ဒစ်ဂျစ်တယ်ခေတ်ပြောင်း တော်လှန်ရေးကို တကယ်ကို ဆင်နွှဲနေပြီပဲ။ ငါတို့ ပြည်သူတွေ တစ်ဦးချင်းစီကပါ ဒီတော်လှန်ရေးမှာ ပါဝင်ကြရင် နိုင်ငံတော်အတွက် သိသာထင်ရှားတဲ့အရွေ့တစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ အတွေးပေါ်လာတယ်။ ဒီပြောင်းလဲမှုကိုလည်း ပြည်သူတစ်ယောက်အနေနဲ့ ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်တယ်။”

 

“ညီမလေးဆီက ဒီလိုအဖြေကိုကြားရတာ အစ်မတော့ သိပ်ဝမ်းသာတာပဲ။ ခေတ်လူငယ်တွေလည်း နိုင်ငံတော်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို သေသေချာချာ သဘောပေါက် နားလည်နေကြတာကို သိလိုက်ရလို့လေ။ ဒီတစ်ခါအစ်မက ပြန်ဖြေရမယ့် အလှည့်ပေါ့။ ဟုတ်လား e-Payment နဲ့ပတ်သက်ပြီး ဘာတွေသိချင်တယ်ဆိုတာ ပြောပြပါဦး။ အစ်မလေ့လာ ထားသမျှ ပြန်မျှဝေပေးပါ့မယ်။”

 

“ညီမလေးသိချင်တာက ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ ဘာဖြစ်လို့ e-Payment စနစ်ကို အသုံးပြုဖို့ ဆောင်ရွက်ခဲ့တာလဲ။ ဒါကလည်း နိုင်ငံတော်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်တာလား။”

 

e-Payment စနစ်ဆောင်ရွက်ခြင်း အဓိကအကြောင်းရင်းများ

 

“ဟာ...တကယ်ကို အဓိကကျတဲ့မေးခွန်းကို ရွေးမေးသွားတာပဲ။ အဲဒီတော့ အစ်မကလည်း ပြည်တွင်း အခွန်များဦးစီးဌာနမှာ ဘာဖြစ်လို့ e-Payment စနစ်ကိုအသုံးပြုဖို့ ဆောင်ရွက်ခဲ့ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရအောင် ရှင်းပြပေးသွားမယ်နော်။ ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ e-Payment စနစ်ကို အသုံးပြုဖို့ဆောင်ရွက်ခဲ့ရတဲ့ အဓိက အကြောင်းရင်းသုံးချက် ရှိပါတယ်။ အဲဒီသုံးချက်ထဲက ပထမဆုံးအချက်ကတော့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ရဲ့ မဟာဗျူဟာခေါင်းစဉ်ခွဲ ၂.၃.၂ ကိုလိုက်နာ အကောင်အထည်ဖော်ဖို့...”

 

“MSDP ရဲ့ မဟာဗျူဟာခေါင်းစဉ်ခွဲ၂.၃.၂ ကိုလည်း ရှင်းပြပေးပါဦး အစ်မရဲ့ “

 

“MSDP ရဲ့ မဟာဗျူဟာခေါင်းစဉ်ခွဲ ၂.၃.၂ကို မရှင်းပြခင် မဟာဗျူဟာ ၂.၃ ကို အရင်ရှင်းပြမယ်နော်။ ဒါမှ ပိုနားလည်သွားမယ်လေ”

 

“ဟုတ်ကဲ့ပါအစ်မ။”

 

“မဟာဗျူးဟာ ၂-၃ မှာ မျှတ၍ ပွင့်လင်းမြင်သာပြီး စွမ်းရည်ပြည့်ဝသည့်အခွန်စနစ်ဖြင့် ပြည်တွင်းအခွန် ရရှိမှု တိုးမြှင့်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်ကြီးကိုချမှတ်ထားပါတယ်။ မဟာဗျူဟာခေါင်းစဉ်ခွဲ ၂.၃.၂ မှာတော့ တစ်နိုင်ငံလုံးသို့ အီလက်ထရောနစ်ဖြင့် ပေးဆောင်ခြင်း စနစ်များချဲ့ထွင်ရန်ဆိုတဲ့ အခြေခံလုပ်ငန်းစဉ်ကို ချမှတ်ထားတာလေ ညီမလေးရဲ့။ အဲဒီမဟာဗျူဟာခေါင်းစဉ် ခွဲရဲ့ ရလဒ်ကိုတော့ အခွန်ပေးဆောင်မှု ပိုမိုအဆင်ပြေပြီး ထိရောက်စေဖို့ မျှော်မှန်းထားပါတယ်။ အဲဒီမဟာဗျူဟာကို အစ်မတို့ဌာနက လိုက်နာအကောင်အထည်ဖော်တဲ့ အနေနဲ့ e-Payment စနစ်ကို အသုံးပြုဖို့ဆောင်ရွက်ခဲ့တာပါ။ ကဲ...ပထမအချက်ကို သဘောပေါက်သွားပြီလား ညီမလေး”

 

“ဟုတ်ကဲ့ပါ အစ်မ။ သေသေချာချာသဘောပေါက် သွားပါပြီရှင့်။ ကျန်တဲ့အချက်တွေကိုလည်း အခုလိုပဲ ပြည့်ပြည့်စုံစုံလေးရှင်းပြပေးပါနော်။”

 

“ဒုတိယအချက်ကတော့ ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ် (Reform Joumey) ကို အကောင်အထည်ဖော်ဖို့ပဲဖြစ် ပါတယ်။ ဒီအချက်ကိုရှင်းပြရရင် အစ်မတို့ဌာနရဲ့ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခွန်စီမံခန့်ခွဲမှုကို ခေတ်မီအောင် ဆောင်ရွက်ရေးဆိုတဲ့ ရည်ရွယ်ချက်တစ်ရပ်လည်း ပါဝင်ပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ အခွန်ငွေပေးသွင်းတဲ့ လုပ်ငန်းစဉ်ကို Payment စနစ်ကို အသုံးပြုဖို့ ဆောင်ရွက်ခဲ့တာပါ။”

 

“ဒုတိယအချက်ကိုလည်း ရှင်းသွားပါပြီရှင့်။”

 

“တတိယအချက်ကတော့ ကမ္ဘာ့ဘဏ်ကနှစ်စဉ် ထုတ်ပြန်တဲ့ Doing Busines အစီရင်ခံစာမှာ ရမှတ် ကောင်းကောင်း၊ အဆင့်ကောင်းကောင်းရဖို့ပဲ ဖြစ်ပါတယ်။ Doing Business အစီရင်ခံစာဆိုတာက နိုင်ငံ တစ်နိုင်ငံမှာ စီးပွားရေးဆောင်ရွက်ရတာ လွယ်ကူရဲ့လား ဆိုတာကို သတ်မှတ်ထားတဲ့ အညွှန်းကိန်း ၁၀ ခုနဲ့တိုင်းတာပြီး ထုတ်ပြန်တဲ့အစီရင်ခံစာလေ ညီမလေးရဲ့။ အစ်မတို့ ပြည်တွင်းအခွန်ကို အညွှန်းကိန်း ၁၀ ခုထဲက တစ်ခုဖြစ်တဲ့ Paying Tax Indicator အညွှန်းကိန်းဆိုင်ရာ အဖွဲ့မှာခေါင်းဆောင်အနေနဲ့ တာဝန်ပေးအပ်ထားပါတယ်။ Paying Tax Indicator ဆိုတာ မြန်မာလိုဆိုရင်တော့ အခွန်ပေးဆောင်ရတာ လွယ်ရဲ့လားဆိုတာကို တိုင်းတာတဲ့အညွှန်းကိန်းလို့ ပြောရမှာပေါ့ ညီမလေးရေ။ အဲဒီအညွှန်းကိန်းကို အကဲဖြတ်တဲ့ အချက်လေးချက်ထဲမှာ အခွန်ငွေပေးဆောင်တာကို တစ်နှစ်ဘယ်နှကြိမ် ပေးဆောင်ရသလဲ။ အခွန်ပေးဆောင်တဲ့ လုပ်ငန်းစဉ်အတွက် အချိန်ဘယ်လောက် အသုံးပြုရသလဲ ဆိုတာတွေကို စိစစ်တာကလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်တယ်လေ။ Online ကနေ အခွန်ပေးဆောင်နိုင်မယ်၊ အခွန် ထမ်းတွေအားလုံး Online Payment စနစ်ကိုအသုံးပြုနိုင် မယ်ဆိုရင်တော့ Paying Tax Indicator မှာ ရမှတ်တွေ၊ အဆင့်တွေတိုးလာပြီး Doing Business မှာလည်း အဆင့်တွေ တက်လာမယ်လေ ညီမလေးရဲ့ “

 

“အော်.. ညီမလေး သဘောပေါက်ပြီ အစ်မ။ အဲဒီ အစီရင်ခံစာကို ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ လုပ်ငန်းရှင် တွေက စောင့်ကြည့်လေ့လာပြီး အဆင့်ကောင်းတဲ့နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံလေ့ရှိကြတယ်တဲ့။ ဒါကြောင့် Doing Business မှာ အဆင့်တက်ဖို့ e-Payment စနစ်ကိုဆောင်ရွက်ရတာကိုး...”

 

အခွန်ထမ်းပြည်သူအားလုံး ကျင့်သုံးနိုင်ဖို့စီစဉ်

 

“ဟုတ်တာပေါ့..ညီမလေးရယ်။ Doing Business မှာအဆင့်တက်ဖို့ e-Payment စနစ်ကို အစိုးရဘက်က အကောင်အထည်ဖော်ရုံနဲ့မရသေးဘူး။ အခုလက်ရှိကာလမှာ e-Payment စနစ်ကို အသုံးပြုဖို့ အခွင့်အရေးရှိတဲ့ အခွန်ထမ်းပြည်သူ တစ်ရပ်လုံးကပါ ဒီစနစ်ကို အသုံးပြုဖို့လည်းလိုသေးတယ် ညီမလေးရဲ့။ ဒါ့ကြောင့်လည်း အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနဲ့ အလယ် အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးတွေမှာ စည်းကြပ်မှုခံယူနေတဲ့ အခွန်ထမ်းပြည်သူအားလုံး e-Payment စနစ် အသုံးပြုပြီး အခွန်ပေးဆောင်စေတဲ့ အစီအစဉ်ကို ကျင့်သုံးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါ တယ်။”

 

“e-Payment စနစ်ကို ဘယ်လိုအခွန်ထမ်းတွေက သုံးခွင့်ရှိတာလဲ၊ ဒီစနစ်ကိုအသုံးပြုခွင့်ရတဲ့ အခွန်ထမ်း ကရော အခွန်ပေးသွင်းဖို့ ဘာတွေလုပ်ရသေးလဲ အစ်မ”

 

“အခုလက်ရှိကာလမှာ e-Payment စနစ်ကို အခွန် ထမ်းမှတ်ပုံတင်အမှတ် (9 Digit TIN) ရရှိထားပြီး -Payment နဲ့ အခွန်ပေးဆောင်နိုင်တဲ့ ပုဂ္ဂလိကဘဏ်မှာ ငွေစာရင်းဖွင့်ထားတဲ့သူတွေပဲ သုံးခွင့်ရှိပါတယ်။ အခွန် ထမ်းမှတ်ပုံတင်အမှတ် (9 Digit TIN) ရရှိထားသူတွေဆို တာကတော့ ကုမ္ပဏီအခွန်ထမ်းတွေကို ဆိုလိုတာပါ။ e-Payment စနစ်ကို အသုံးပြုမယ့်သူတွေအနေနဲ့ အခွန်ငွေပေးသွင်းမှုအတွက် ဆက်သွယ်ရမယ့် email လိပ်စာနဲ့ တယ်လီဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာအခွန်ရုံး ထံ ပေးပို့ထားဖို့ လိုပါတယ်။”

 

“အစ်မပြောသလိုဆိုရင် e - Payment စနစ်ကို တစ်ဦးချင်းအခွန်ထမ်းတွေ သုံးခွင့်မရသေးဘူးပေါ့။ အဲဒါဆို ကုမ္ပဏီတွေက နုတ်ယူပေးသွင်းရတဲ့ လစာဝင်ငွေ ခွန်တို့၊ Withholding Tax တို့ကို e-Payment စနစ်သုံးပြီး အခွန်သွင်းလို့ မရသေးဘူးပေါ့နော်” ။

 

“ဟုတ်ပါတယ်ညီမလေး၊ e-Payment နဲ့ပတ်သက် ပြီး ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ အချိန်အများ ကြီးယူရတယ်။ အခုလက်ရှိ သုံးစွဲနေတဲ့အနေအထား ရောက်ဖို့ အစ်မတို့ဌာနက ၂၀၁၅ ခုနှစ်ကတည်းက စခဲ့ရတာညီမလေးရဲ့။ ပြီးတော့ ဒီလုပ်ငန်းစဉ်ကြီးကို အစ်မတို့တစ်ဌာနတည်းရဲ့ အင်အားနဲ့လည်း ဆောင်ရွက်လို့မရဘူးလေ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်၊ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စတဲ့ ဌာနဆိုင်ရာတွေအများကြီးနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးမှ တစ်ဆင့်ချင်း ဆောင်ရွက်ရတာဆိုတော့ လောလောဆယ်မှာ တစ်ဦးချင်းအခွန်ထမ်းတွေ သုံးခွင့်မရသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင်ကာလမှာတော့ ညီမလေးပြောတဲ့ လစာဝင်ငွေခွန်တို့၊ withholding Tax တို့ကို e-Payment စနစ်သုံးပြီး အခွန်သွင်းလို့ ရတော့မှာပါ။ ဒီလိုဆောင်ရွက်လို့ရအောင်လည်း ဝင်ငွေခွန်စည်းမျဉ်းကို ပြီးခဲ့တဲ့ဇွန်လမှာ ပြင်ထားပြီးပြီလေ ညီမလေးရဲ့။ ဒါ့အပြင် ပြည်ပက တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေအပေါ် ဝင်ငွေခွန ်စိစစ်ကောက်ခံရေးအဖွဲ့ရုံးတွေမှာ e-Payment စနစ်နဲ့ အခွန်ပေးသွင်းနိုင်ဖို့စီစဉ်ဆောင်ရွက်နေပါတယ်”

 

“သတင်းကြားတာနဲ့တင်ကို အခွန်ထမ်းပြည်သူတွေ ကိုယ်စား ဝမ်းသာလှပါပြီအစ်မရယ်။”

 

“e-Payment စနစ်ကို တိုးချဲ့မယ့်အစီအစဉ် အကြောင်းကြားရရုံနဲ့ ဒီလောက်တောင်ပျော်ရသလား ညီမလေးရဲ့”

 

“ပျော်တာပေါ့အစ်မရယ်။ ညီမလေးက Payment စနစ်ကို ဘာ့ကြောင့်ဆောင်ရွက်နေမှန်းသာ မသိတာပါနော်၊ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက်ကပြောပြဖူးလို့ e-Payment စနစ်အသုံးပြုပြီး အခွန်ပေးသွင်းလို့ရရှိတဲ့ အကျိုးကျေးဇူးတွေက အများကြီးဆိုတာ သိပြီးသားပါ အစ်မရဲ့။”

 

“e-Payment စနစ်ကို လက်တွေ့အသုံးပြုနေတဲ့သူက ပြောပြတဲ့စကားဆိုတော့ အစ်မလည်း သိချင်လိုက်တာ၊ ပြန်ပြောပြလို့ရမလား ညီမလေး”

 

နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခွန်ထမ်းစနစ်

 

“ရတာပေါ့အစ်မရဲ့။ သူငယ်ချင်းက ပြောတယ် e-Payment စနစ်နဲ့ အခွန်ပေးဆောင်ရတာ အလွန် အဆင်ပြေတာပဲတဲ့။ အရင်တုန်းကလို အခွန်ရုံးသွားပြီး ချလန်ယူရတာတို့၊ ဘဏ်မှာငွေသွင်းဖို့ ငွေထုပ်ကြီးသယ်သွားရတာတို့ လုပ်ဖို့မလိုတော့တဲ့အတွက် တော်တော့ကို အချိန်ကုန်၊ စရိတ်ကုန် သက်သာသွားတယ်တဲ့။ ပြီးတော့အခုလို ကိုဗစ်ကာလအတွင်းမှာ ဘယ်မှ သွားစရာမလိုတဲ့အတွက် ရောဂါကာကွယ်ပြီးသားလည်း ဖြစ်တယ်တဲ့။ ဒါ့အပြင် အခွန်ငွေလက်ခံရရှိကြောင်း အထောက်အထားကို ဗဟိုဘဏ်နဲ့ ပြည်တွင်းအခွန်က e-mail နဲ့ပေးပို့ပေးတာဖြစ်လို့ ခိုင်မာမှုရှိပြီး ချလန်ပျောက်မှာလည်း စိတ်ပူစရာ မလိုတော့ဘူးတဲ့ အစ်မရဲ့။ အဲဒီလို e-Payment စနစ်နဲ့ အခွန်ပေးဆောင်ရတဲ့ အကျိုးကျေးဇူး တွေကိုသိထားလို့ ညီမလေးက အခွန်ထမ်းပြည်သူတွေ ကိုယ်စားဝမ်းသာတယ်လို့ ပြောတာပါ”

 

“အခုလိုပြန်မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် ညီမလေး။ e-Payment စနစ်ကို အသုံးပြုတာဟာ အခွန် ထမ်းပြည်သူတွေဘက်မှာ အကျိုးကျေးဇူးရှိသလို နိုင်ငံတော်ဘက်မှာလည်း ရရှိမယ့် အကျိုးကျေးဇူးတွေရှိပါတယ်။ e-Payment စနစ်ကိုအသုံးပြုပြီး လွယ်လွယ်ကူကူ အခွန်ပေးဆောင်နိုင်တာနဲ့အမျှ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိမှု တိုးတက်လာမှာပါ။ e-Payment စနစ်ကိုအသုံးပြုတဲ့သူ များလာတာနဲ့အမျှ Doing Business မှာ အဆင့်တွေတက်လာမယ်။ ဒါဆိုရင် အစ်မတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ များလာမယ်။ e-Payment စနှစ် က e-Govemment စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ e-Payment စနစ်အောင်မြင်တာနဲ့ အမျှ e-Government စနစ်တိုးတက်မှုရှိလာတယ်လို့ သတ်မှတ်နိုင်မယ်။ e-Payment စနစ်ဟာ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ရဲ့ အစိတ်အပိုင်းဖြစ်သလို ဒစ်ဂျစ်တယ် ခေတ်ပြောင်းတော်လှန်ရေးရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်နေတယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး ညီမလေးရေ။”

 

“ဟုတ်ပါတယ်အစ်မ။ အစ်မရှင်းပြမှပဲ ဘာ့ကြောင့် အခွန်ထမ်းပြည်သူတွေ e-Payment စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့လိုအပ်တာလဲဆိုတာကိုပါ သဘောပေါက်သွားပါပြီရှင့်။ အခုလို စိတ်ရှည်ရှည်နဲ့ ဆွေးနွေးပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အစ်မတို့ဌာနရဲ့ Facebook Page မှာလည်း အခုလိုပညာ ပေးအစီအစဉ်လေးတွေ မကြာမကြာတင်ပေးဖို့ အကြံပြု ချင်ပါတယ်။ နောက်ထပ်လာမေးရင်လည်း ရှင်းပြပေးဦး နော် အစ်မ”

 

“ကောင်းပါပြီ ညီမလေးရယ် နောက်မှဆုံကြသေး တာပေါ့။”