ရန်ကုန် အောက်တိုဘာ ၁၄

 

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး အကောက်ခွန် ဦးစီးဌာနညွှန်ကြား‌ရေးမှူးချုပ် ဦးသိန်းဆွေက အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူ အစီအစဉ်နှင့် ပတ်သက်၍ အမှာစကား ပြောကြားကာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က Shwe Wah Yaung Agriculture Production Co., Ltd. နှင့် Proven Technology Industry Co., Ltd. တို့ကို အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူ AEO (Level-2) အသိအမှတ်ပြု လက်မှတ်များ၊ အကောက်ခွန် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က Wilmar Myanmar Riceland Limited ၊ Wilmar Myanmar Edible Oils Limited နှင့် UPG Paint & Coating Co., Ltd. တို့ကို အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ AEO (Level-1) အသိအမှတ်ပြု လက်မှတ်များကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူ AEO အဖြစ် အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ခံရသည့် ကုမ္ပဏီများ ကိုယ်စား UPG Paint & Coating Co., Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးဟန်က ကျေးဇူးတင်စကားပြောကြား၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြသထားသည့် ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ၃၀၊ ငွေတံဆိပ်ဆု ၂၁ ဆု၊ ကြေးတံဆိပ်ဆုရှစ်ဆု၊ ဂုဏ်ပြုဆုတစ်ဆု ဖြင့် အဆင့်(၁)နေရာ ရရှိခဲ့သည့် အောင်ပွဲရ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြား၍ ပြိုင်ပွဲများ၏ မှတ်တမ်း Video Clip အားပြသပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရပြိုင်ပွဲဝင်များနှင့် တက်ရောက်လာကြသူများအား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)