တင်၀င်းလေး (ကြည့်မြင်တိုင်)
၂၄-၆-၂၀၂၀ နေ့ထုတ် မြန်မာ့အလင်းသတင်းစာ ရန်ကုန်စာမျက်နှာကနေ YBS ကတ်တွေနဲ့ပတ်သက်လို့ “မျှော်သာ မျှော်သည် မပေါ်လာနိုင်သေးသည့် YBS ကတ် ” ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။
အခုတော့ စာရေးသူတို့ ငယ်ငယ်က အငြိမ့် မင်းသမီးကြီးတစ်ဦး သီဆိုခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်ထဲက စာသားလေးကို ခေတ္တ ငှားသုံးလိုက်ပါရစေ။ ‘‘မျှော်တုန်း မျှော်ဆဲသူလည်းရောက်လာ ပျို့ချစ်သူမောင့်ကိုသာ” ဆိုတဲ့စာသားလေးလိုပါပဲ ‘‘အခုတော့ ပေါ်လာပါပြီ ’’ လို့ ပြန်ရေးပါရစေ။ ရေးမှလည်း စာရေးသူဘက်က တာ၀န် ကျေမှာလို့လည်း ခံယူမိပါတယ်။
ခရီးသွားပြည်သူတွေ အသုံးပြု
YBS စတင်ပြောင်းလဲတဲ့နေ့က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ပါ။ အခုဆို YBS သက်တမ်းသုံးနှစ်နဲ့ ခြောက်လအကျော်မှာ Yangon Payment Service (YPS) ဆိုပြီး ထင်ရှားစွာထွက်ပေါ်လာခဲ့ပါပြီ။ တိတိပပ ဆိုရမယ်ဆိုရင်တော့ YBS သက်တမ်းသုံးနှစ် ခြောက်လနဲ့ ခြောက်ရက်စွန်းတဲ့ ၂၀၂၀ ဇူလိုင် ၂၁ ရက်မှာ ခရီးသွား ပြည်သူတွေ တကယ်အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
မကြာမီ ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာပါ။ အဲဒီအခါမှာ အနိုင်ရပါတီက အစိုးရ ဖွဲ့ရမှာမို့ လက်ရှိအစိုးရသက်တမ်းဟာ အများကြီး မကျန်တော့ ပါဘူး။
နောက်အစိုးရသက်တမ်းတစ်ခုဖြစ်လာမှာပါ။ အဲဒါကြောင့် လက်ရှိ အစိုးရက အစိုးရပြန်ဖွဲ့ခဲ့နိုင်ရင်တောင်မှ အနည်းနဲ့အများ ဆိုသလို လက်ရှိတာ၀န်ယူ ဆောင်ရွက်နေကြ ရတဲ့ လူကြီးအချို့အပြောင်းအလဲဆိုတာ ကလည်း ရှိလာနိုင်ကောင်းပါတယ်။
အလျင်အမြန် ဖွဲ့စည်း
ပြောချင်တာက ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ။ နှစ်တွေဆွေးနေတဲ့ မ ထ သ သယ်ယူပို့ဆောင် ရေး စနစ်ကနေ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (YRTA) ကို ရဲရဲတင်းတင်းနဲ့ အလျင်အမြန် ဖွဲ့စည်းပြီး ရန်ကုန်တစ်မြို့လုံးကို ရန်ကုန် ဘတ်စ်ကား၀န်ဆောင်မှု (YBS) ကားသစ် အများစုနဲ့ လွှမ်းခြုံစေခဲ့ပါတယ်။
ပြောင်းလဲမှုအစမှာ အသံတွေ မျိုးစုံဆူညံ ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ YBS ရဲ့၀န်ဆောင် မှုအပေါ် ခရီးသွားပြည်သူတွေ ကျေနပ်မှု ရှိလာကြတယ်။ စီးရတဲ့အပေါ်စိတ်ချမ်းမြေ့လာ ကြတယ်။ ကောင်းသတင်းတွေ ဝေဖြာလာ ခဲ့တယ်။
ကတ်စနစ်ကို ဖော်ဆောင်
ပြောင်းလဲမှုအစမှာပဲ ၀န်ကြီးချုပ်က ခရီးသွားပြည်သူတွေကို စကားလက်ဆောင် ပါးခဲ့ပါတယ်။ ခရီးသွားပြည်သူတွေ ပိုမိုအဆင် ပြေစေဖို့ ခေတ်မီမီအဆင့်မြင့်မြင့်ခရီးသွား ကဏ္ဍဖြစ်စေဖို့ ယာဉ်စီးခကို ငွေထည့်ပေး ဆောင်ခြင်းကနေ ကတ်စနစ်ကို ဖော်ဆောင် သွားမယ်လို့ ဆိုခဲ့ပါတယ်။
ဆောင်ရွက်ပေးနိုင်မယ့် ကုမ္ပဏီတွေနဲ့ ချိတ်ဆက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ အတတ်နိုင်ဆုံး လိုအပ်ချက်၊ အားနည်းချက်တွေ မရှိရလေအောင် အချိန် တွေယူ ဆောင်ရွက်ခဲ့ကြပါတယ်။ ရေတွင်း တူးပြီးနောက် ရေကြည်ရအောင် စောင့်ရတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ အဲဒီအခါမှာလည်း မျိုးစုံသော ဝေဖန်မှုတွေ မြင့်တက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ၀န်ကြီးချုပ် ကတိစကား တည်မြဲခဲ့ပါတယ်။ လက်ရှိ၀န်ကြီးချုပ် သက်တမ်းမကုန်ခင် YBS ယာဉ်စီးကတ်တွေကို ခရီးသွားပြည်သူတွေ လက်ထဲရောက်အောင် ထည့်ပေးနိုင်ခဲ့လို့ပါပဲ။
လောလောဆယ် ကတ်စသုံးနိုင်တဲ့ ယာဉ်လိုင်းတွေကတော့ ၄၃၊ ၈၈၊ ၁၂၊ ၃၈၊ ၆၂၊ ၁၄၊ ၇၂၊ ၂၅၊ ၈၇၊ ၉၆၊ ၈၉ (မြင်တော်သာ)၊ ၈၉ (မင်းနန္ဒာ)၊ ၃၀ (ပြည်လမ်း)၊ ၃၀ (သမိုင်း) ၁၄ လိုင်းပဲ ဆောင်ရွက်နိုင်သေးတာဆိုတော့ ခရီးသွားပြည်သူတွေက စောင့်ရကျိုးမနပ်ဘူး လို့ ဆိုနေကြပါတယ်။ တာမွေမြို့နယ် စျေးရှေ့နားက YPS အရောင်းဆိုင်က ကလေး ကတော့ နောက်အပတ်ထဲမှာယာဉ်လိုင်းတွေ ထပ်တိုးဖို့ရှိတယ်လို့ သတင်းစကားပြောပါ တယ်။ အချို့ယာဉ်လိုင်း အတော်များများမှာ တော့ စက်တွေတပ်ထားတာတွေ့နေရပါတယ်။ အသုံးပြုခွင့်တော့ မရသေးပါဘူး။
ပိုမိုထွန်းလင်းတောက်ပ
ဒါ့အပြင် YBS ပြောင်းပြီးကတည်းက ပါလာတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေကတော့ ဒီအတိုင်းပဲ ကြာဦးမယ်ထင်ပါတယ်။ အဲဒါတွေ ကိုပါ ၀န်ကြီးချုပ်အနေနဲ့ တစ်ခါတည်း လက်စသိမ်း ဆောင်ရွက်ပေးသွားနိုင်မယ် ဆိုရင်တော့ ‘‘ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဂုဏ်ပုဒ်ဟာ ပိုမိုထွန်းလင်းတောက်ပလာမယ် လို့ ထင်မိပါတယ်။
ကတ်စနစ်ကို ဆောင်ရွက်
ဇူလိုင် ၂၁ ရက်က Yangon Payment Service ဖွင့်ပွဲမှာ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ အများ ပြည်သူသယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုမှာ YBS သယ်ယူပို့ဆောင်ရေးစနစ်က အလွန် အရေးကြီးကြောင်း၊ အဲဒီ၀န်ဆောင်မှုမှာ ပြည်သူလူထုအတွက် အခက်အခဲဖြစ်နေတဲ့ ကိစ္စတစ်ခုကတော့ ငွေပေးချေရေးကဏ္ဍမှာ ငွေစက္ကူကို တိုက်ရိုက်ပေးချေနေရတဲ့အတွက် ငွေအကြွေလဲလှယ်ရတဲ့ အခက်အခဲတွေရှိနေ ကြောင်း၊ အဲဒီအခက်အခဲတွေ ပြေလည် အောင် ဒီကတ်စနစ်ကို ဆောင်ရွက်ရတာ ဖြစ်ကြောင်း ပြောကြားမှု ရှိခဲ့ပါတယ်။
ဆက်ပြီး အခုလို ကိုဗစ် - ၁၉ ကာလမှာ ငွေစက္ကူကိုင်တွယ်စရာမလိုဘဲ ကိုယ့်အိတ်ထဲ မှာရှိတဲ့ ကတ်တစ်ခုနဲ့ ဘတ်စ်ကားစီးလာနိုင် တဲ့ အခြေအနေတစ်ခု ဖြစ်လာတော့မှာပါ။ ဒီစနစ်ကို ကျင့်သုံးခြင်းအားဖြင့် ငွေအကြွေ လဲလှယ်ဖို့ မလိုဘဲ လိုရာခရီးကို ချောချော မောမောနဲ့ အရောက်သွားနိုင်မှာပါ။
မြန်မာ့အလင်း ( ယနေ့ရန်ကုန်)


