ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက် တစ်စတိုးတက်ပြောင်းလဲလျက် ရှိပေသည်။ လူသားတို့သည်လည်း ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းများကို သူ့ထက်ငါအပြိုင်အဆိုင် ဝယ်ယူအသုံးပြုနေကြ၏။
ခေတ်ရေစီးအလိုက် မျောပါလျက် ပို၍အဆင့်မြင့်လာသော ဇိမ်ခံပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများမှာလည်း နေ့စဉ်အသစ်အသစ် ထွက်ပေါ်လာကြသည်။ ကွန်ပျူတာ၊ တယ်လီဖုန်းကဲ့သို့ ပစ္စည်းများဆိုလျှင် ခေတ်နှင့်အညီ လူသားတိုင်း တွင်ကျယ်စွာသုံးစွဲလာကြသည်။ ယနေ့ နှစ်ဆယ့်တစ်ရာစုနည်းပညာနှင့် သတင်းအချက်အလက်များရယူရာတွင် လျင်မြန်ထိရောက်သောကြောင့် လူတိုင်းတွင်မရှိမဖြစ်လိုအပ်လာပေသည်။ လိုအပ်သည့်အတိုင်း ကွန်ပျူတာများ၊ ဖုန်းများကိုအသုံးပြုပြီး အကျိုးကျေးဇူး များစွာရရှိနေကြပေသည်။ အကောင်းအဆိုးဆိုသည်မှာ ဒွန်တွဲနေသောကြောင့် ကောင်းကျိုးများရရှိနေသလို တစ်ဖက်တွင်လည်း ဆိုးကျိုးများဖြစ်ပေါ်နေသည်။
ကွန်ပျူတာနှင့် တယ်လီဖုန်းများ အသုံးပြုခြင်းကြောင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်လာပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လာနိုင်ကြသည်။ တယ်လီဖုန်းများကြောင့် တစ်ဦးနှင့်တစ်ဦး လွယ်ကူစွာ ချိတ်ဆက်နိုင်ပြီး အချိန်ကိုချွေတာလာနိုင်သလို လူပင်ပန်းလည်း သက်သာလာပါသည်။ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများနှင့်ပင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး သတင်းများကိုလည်း ရယူလာနိုင်ကြပေသည်။
လူကြီးလူငယ်များအားလုံး လက်ကိုင်ဖုန်းကိုယ်စီ အသုံးပြုလာကြသည်။ တချို့အရွယ်မရောက်သေးသော ကလေးငယ်များပါ အသုံးပြုနေသည်ကို တွေ့ရသည်။ လူကြီးလူငယ်များမှာ အလုပ်အကိုင်၊ လူမှုရေးနှင့် နည်းပညာသတင်းများ၊ သိလိုသည့်အချက်များကို ရှာဖွေအသုံးပြုပြီး ကောင်းကျိုးများရရှိနေကြပေသည်။
လူတချို့မှာလည်း လူမှုကွန်ရက်များ အသုံးပြုခြင်းဖြင့်ပင် လူမှုရေးအရှုပ်အယှက်များ ဖြစ်ပေါ်လာကြသည်။ ချစ်သူ၊ သူငယ်ချင်း၊ မိသားစုများနှင့် ပြဿနာများ ဖြစ်ကြ ရသည်အထိ ဆိုးကျိုးများဖြစ်ပေါ်လာရတော့သည်။ ကလေး အများစုသည် ဖုန်းထဲမှကာတွန်းကားများ ကြည့်ခြင်း၊ ဂိမ်းများဆော့ခြင်းဖြင့် အချိန်ကုန်လာကြသည်။ နည်းမှန် လမ်းမှန်အသုံးမပြုနိုင်ဖြစ်နေကြသည်မှာ ရင်လေးစရာ ကောင်းလှသည်။ လူငယ်အများစု၏ အချိန်များသည် ကွန်ပျူတာနှင့် ဖုန်းတို့၏ ဖန်သားမျက်နှာပြင်ထက်၌သာ ကုန်လွန်နေကြသည်။ တန်ဖိုးရှိသော အချိန်များကို ဂိမ်းကစားခြင်း၊ သူငယ်ချင်းများနှင့် အပြောင်အပျက် စကားပြောခြင်းများဖြင့် မိမိဘဝတိုးတက်ရာ လမ်းကြောင်းများကို မရှာဘဲ အချိန်များဖြုန်းတီးပစ်နေကြသည်။ အလွန်အကျွံအသုံးပြုလာကြပြီး"သတိမမူ ဂူမမြင်"ဖြစ်ကာ မိမိခန္ဓာကိုယ်နှင့်စိတ်ကို ဆိုးရွားစွာထိခိုက်မှုများ ဖြစ်လာနေသည်။
ကျွန်မအစ်မက မွေးထားသော သားလေးသည် ကိုးတန်းကျောင်းသားဖြစ်ပြီး မိဘနှစ်ပါး၏ အလို လိုက်ခြင်းကို ခံထားရသူလည်းဖြစ်သည်။ အဖေနှင့်အမေ ကို "ဂိမ်းကစားချင်လို့ပါ"ဆိုပြီး ဖုန်းဝယ်ပေးဖို့ ပူဆာသည်။ မိဘများကလည်း နှစ်ခါမပူဆာရပါ။ သားလေးမျက်နှာ ငယ်မှာစိုးလို့ဆိုပြီး ဝယ်ပေးလိုက်သည်။ တစ်နေ့တော့ အစ်မအိမ်ကို ကျွန်မညအိပ်အလည်သွားဖြစ်သည်။ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသော တူလေးကိုတွေ့တော့ ဖုန်းတွေ တအားမကြည့်ဖို့မှာရသည်။ မျက်စိနဲ့အာရုံကြောတွေ ထိခိုက်နေမယ်ဆိုတော့လည်း "ဟုတ်ကဲ့" ဆိုပြီး ကျွန်မကိုမကြည့် ခေါင်းသာညိတ်လို့ ဆော့မြဲဆော့နေသည်။ ကျွန်မသတိထားကြည့်မိသလောက် ညဘက် ၉ နာရီ လောက်က ဆော့လျှင် ည ၁၁ နာရီကျော်လည်း မအိပ်ပါ။ ကျွန်မကအိပ်ဖို့ပြောလည်း အိပ်မယ်ပြောပြီး မီးလင်းနေလို့ ထကြည့်တော့ ဆော့လို့မပြီးသေးပါ။ တစ်ခါတလေ စကားတွေပြောလိုက် အော်လိုက်၊ ဟစ်လိုက်အသံတွေ ကြားနေရလို့ အစ်မကိုပြောပြရသည်။ "အဲဒါသူတို့ သူငယ်ချင်းတွေအုပ်စုဖွဲ့ ဂိမ်းဆော့နေတာ၊ အင်တာနက် လိုင်းဖွင့်ဆော့ရတာလေ၊ ဘာမှမဖြစ်ပါဘူး၊ စိတ်မပူနဲ့၊ အပြင်ထွက်ဆော့မှသူများနဲ့ ရန်ဖြစ်မလား၊ အပေါင်းအသင်း မှားပြီးမဟုတ်တာတွေ လျှောက်လုပ်မလား စိတ်ပူနေရ ဦးမယ်" အစ်မကတော့ အေးဆေးပင် ပြောနေနိုင်သည်။
ကျွန်မမှာတော့ အာရုံကြောတွေထိခိုက်ပြီး ရူးသွားမလား စိုးရိမ်နေမိပြန်သည်။ "ငါက လာတုန်းခဏပဲ ပြောနိုင်တာ၊ နင်တို့လည်း သားသမီးချစ်တာလည်း ချစ်တာပေါ့၊ အရမ်းအလိုမလိုက်ပါနဲ့၊ တစ်ခုခုဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူးနော်၊ နင်တို့ပဲရင်ကျိုးရမှာ" ကျွန်မလည်း ပြန်ခါနီး စိတ်ပူပြီးမှာခဲ့လိုက်သည်။
ပြောင်းလဲလာနေသည့် ခေတ်အခြေအနေအရ လူငယ်လေးများသည် ယခင်လူငယ်များနှင့် အပြောအဆို အနေအထိုင်တို့ကွာခြားလွန်းလှသည်။ ငယ်သေးတာပဲဟု လျှော့တွက်မိက မှားပေမည်။ တချို့မိဘများ ဖုန်းသာ ကိုင်နေကြပြီး အခြားနည်းပညာများမလုပ်တတ်၍ ကလေးငယ်များက သားကိုပေးဆိုပြီး ယူလုပ်ပေးနေကြသည်ကို မြင်တွေ့နေရသည်။ ကလေးငယ်တချို့ဆိုလျှင် ဖုန်းကို ကိုယ်တိုင်ဖွင့်ပြီး သူတို့ကြိုက်သော သီချင်းများကို နားထောင်ကြသည်။ တစ်နှစ်ကျော်သာရှိသေးသော ကျွန်မ သူငယ်ချင်း၏သားလေးသည် သူအိပ်ချင်ပြီဆိုလျှင် ဖုန်းထဲက သီချင်းကို ဖွင့်ပေးရသည်။ သီချင်းတောင် သီချင်းတိုင်း ဖွင့်ပေးလို့မရပါ။ ယခုခေတ်နာမည်ကြီး အဆိုတော်ထဲက သူကြိုက်သော သီချင်းကိုဖွင့်ပေးပြီးမှ ပုခက်ထဲ ထည့်သိပ်ရသည်။ ပက်လက်လှန်ပြီး လက်နှစ်ဖက်က ဖုန်းကိုကိုင်ကြည့်ပြီး ပုခက်လွှဲသိပ်လို့ အိပ်ချင်လာမှ ဖုန်းကို အောက်ချသည်။ ကျွန်မကိုယ်တိုင် မြင်တွေ့ပြီး အံ့သြနေရသည်။ "ကလေးတွေကို အဲဒီလိုအကျင့်မလုပ်ပါနဲ့၊ ကလေးငယ်ငယ်လေးတွေ ဆိုတော့ ကျန်းမာရေးထိခိုက် မှုတွေပိုရှိနိုင်တယ်"ဆိုတော့ သူငယ်ချင်းက "နင်ကလည်းဟယ်၊ အလုပ်လုပ်ချင်တာတစ်မျိုး၊ ကလေးက တော်တော်နဲ့ မအိပ်ဂျီကျနေတာ၊ ခုလိုကျမြန်မြန်အိပ်သွားတော့ ငါလည်း အလုပ်ပြီးတာပေါ့ဟယ်"တဲ့လေ။ တချို့လူကြီးမိဘများ အဲဒီလိုအလွယ်တကူ ဖြေရှင်းလိုက်ခြင်းဖြင့် ရလာမည့် နောက်ဆက်တွဲဆိုးကျိုးများကို မစဉ်းစားတော့ဘဲ မှန်သည်ဟု ထင်နေတတ်ကြသည်။
ကျွန်မတို့ နေ့စဉ်ဘဝတွင် အခြားသူများနှင့် ဆက်သွယ် ပြောဆိုနေကြပြီး လိုအပ်သည့်အချက်အလက် များ ရှာဖွေရန် ဖုန်းကိုအသုံးပြုနေကြသည်။ သို့သော် အလွန်အကျွံမဖြစ်ဖို့ လိုပေသည်။ တစ်ခါတစ်ရံကျွန်မတို့ ကြုံဖူးကြမှာပါ။ ဖုန်း၏တုန်ခါမှု မြည်သံများကြောင့် စိတ်ကိုကြီးမားစွာ ဖိစီးမှုများသာမက စိတ်မသက်မသာ ဖြစ်ရသောအခါများစွာလည်း ကြုံဖူးကြသည်။ ထမင်း စားချိန်နှင့် အိပ်စက်အနားယူနေချိန်တွင် ဖုန်းဝင်လာသော အခါ စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။ တချို့ ဖုန်းစကားပြောလျှင် နာရီဝက်၊ တစ်နာရီအထိ ကြာတတ် ကြသည်။ အကြားအာရုံနှင့် အာရုံကြောစနစ်များ ထိခိုက် သွားနိုင်သည်။ ဖုန်းမျက်နှာပြင်မှထွက်သော အလင်းရောင် ၏ဓာတ်ရောင်ခြည်များသည် လူကိုဆိုးရွားစွာ ထိခိုက်မှု များရှိကြောင်း ကျန်းမာရေးသတင်းများတွင် ဖတ်ရှု မှတ်သားရသည်။ မပေါ့ဆသင့်သလို "အသိခေါက်ခက် အဝင်မနက်စေချင်ပါ" သတိပြုဆင်ခြင်သင့်ပေသည်။
သတင်းအချက်အလက် နည်းပညာသုံးပစ္စည်းများ အသုံးပြုခြင်းကြောင့်ပင် မိသားစုဝင်များ၊ မိတ်ဆွေသူငယ် ချင်းများ ရင်းနှီးနွေးထွေးမှု တိုးမလာကြဘဲ ပို၍ဝေးကွာ သွားသည်များလည်း ရှိသည်။ မိသားစုသူငယ်ချင်းများ နှင့် တွေ့ဆုံချိန်တွင် ရင်းနှီးနွေးထွေးစွာ ပြောဆိုခြင်း မရှိခြင်းကြောင့် ဖြစ်ပေသည်။ အများစုအနေဖြင့် တယ်လီဖုန်း ကိုယ်စီကိုင်၍ လူမှုကွန်ရက်ပေါ်တွင်သာ အချိန်ကုန် နေကြသည်။ လူငယ်များအနေဖြင့် အင်တာနက်လိုင်းများ ဖွင့်လျှင် အကျိုးရှိသော စာပေဗဟုသုတများကို ရှာဖွေ ဖတ်ရှုနိုင်သည်။ အားလပ်ချိန်တွင် ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်စေရန် သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ ဝိုင်းဖွဲ့ကစား ခြင်းများ ပြုလုပ်ပေးသင့်သည်။ တစ်ဦးနှင့်တစ်ဦး ရန်လိုသော စကားများ၊ စိတ်အနှောင့်အယှက်ဖြစ်စေသော ရုပ်ပုံများပို့၍ အင်တာနက်များမှ စိတ်အနှောင့်အယှက်များ မပေးသင့်ပါ။
တယ်လီဖုန်းအသုံးပြုခြင်းသည် အကောင်းအဆိုး ဒွန်တွဲနေပြီး "သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး" ဖြစ်နိုင်သည်။
ကျောင်းသားလူငယ်များဆိုလျှင် အင်တာနက်လိုင်းများဖွင့်၍ ဗဟုသုတရစရာ သင်ခန်းစာများကို သင်ကြား သင်ယူခွင့်ရရှိနိုင်သော ကောင်းကျိုးများ ရနိုင်သည်။ နည်းလမ်းမှန်စွာ အသုံးပြုဖို့တော့ လိုသည်။
ဂိမ်းဆော့ချိန်ကြာလွန်းခြင်း၊ လက်ကိုင်ဖုန်းများကို အိပ်ရာဘေးနားချအိပ်ခြင်းဖြင့် လူကိုဆိုးကျိုးများ ဖြစ်လာ စေနိုင်သည်။ နားကြပ်များတပ်၍ ဖုန်းပြောခြင်း၊ သီချင်း နားထောင်ခြင်းများပြုလုပ်လျှင် အကြားအာရုံများ ထိခိုက် နိုင်ပေသည်။ မတော်တဆလမ်းဖြတ်ကူးခြင်းများ ပြုလုပ် လျှင် ယာဉ်အန္တရာယ်များကြုံတွေ့နိုင်ပြီး အသက်ကိုပါ ထိခိုက်လာနိုင်သော ဆိုးကျိုးများဖြစ်လာနိုင်ပေသည်။
"အသိ၊သတိ" များထားပြီး သတိပြုဆင်ခြင်၍ သူ့အချိန်နှင့်သူ ထမင်းစားချိန်၊အလုပ်လုပ်ချိန်၊ စာကြည့်ချိန်၊ ကစားချိန်လေးများ သတ်မှတ်ပြီး နည်းလမ်းမှန်စွာ အသုံးပြုနိုင်လျှင် အကျိုးသက်ရောက်မှုများစွာ ရှိနိုင်ပေသည်။ သို့သော်လည်း တယ်လီဖုန်းအသုံးများပြီး စိတ်မကြည်လင်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ မှားယွင်းသော အတွေးအခေါ်များကို လက်ခံမိပါက လူကျင့်ဝတ်စည်းကမ်း များ ဖောက်ဖျက်လာပြီး အနာဂတ်တွင် ရင်လေးစရာများ ဖြစ်လာနိုင်ပေသည်။ အကျိုးရှိရှိနှင့် နည်းလမ်းမှန်စွာ အသုံးချနိုင်ရန် လူကြီးမိဘများက လမ်းကြောင်းတည့်မတ် ပေးဖို့လိုသလို မိမိတို့ကိုယ်တိုင်လည်း စံပြနေထိုင်ဖို့ လိုသည်။ "လူကြီးကောင်းမှ ကလေးကောင်းမှာ" ဖြစ်သောကြောင့် စည်းကမ်းနည်းလမ်းကျစွာဖြင့် အနာဂတ်ဘဝတွင် ကောင်းမွန်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ဖို့ လိုပေသည်။
နည်းပညာသုံးပစ္စည်းများကို နည်းလမ်းမှန်စွာ အသုံးပြုနိုင်ပြီး အကျိုးထူးများ ရရှိပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုတိုက်တွန်းရေးသားလိုက်ရပေသည်။ ။
နှင်းစက်(ရွှေကြို့)


