အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း ၁၂၅ ကြိမ်၊ တံတားမိုင်းခွဲခြင်း ၄၅ ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ဆောင်ရွက်ခဲ့

နေပြည်တော် စက်တင်ဘာ ၆

အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ ရထားလမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း ၁၂၅ ကြိမ်၊ တံတားမိုင်းခွဲခြင်း ၄၅ ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရထားလမ်းနှင့် တံတားများပျက်စီးခြင်း၊ ရထားစက်ခေါင်းနှင့်တွဲများ ထိခိုက်ပျက်စီးခြင်း၊ ကုန်စည်များ ပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များ လမ်းခရီး၌ ကြန့်ကြာ၍ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ကြရသည်။ 

 

အကြမ်းဖက်သောင်းကျန်းသူများသည် စက်တင်ဘာ ၅ ရက် နံနက် ၂ နာရီခွဲခန့်တွင် ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာအကြား၊ မိုင်တိုင် (၉၉/၈-၇)အနီး တံတားအမှတ် (BR-137) ပေါ်နှင့် ရထားလမ်း အနီးတစ်ဝိုက်တွင် မိုင်းနှစ်လုံး ဖောက်ခွဲခဲ့ခြင်းကြောင့် ရထားသံလမ်းပေ ၈၀ ခန့် ပြတ်တောက် တွန့်လိမ်သွားခြင်း၊ ကွန်ကရစ်ဇလီဖား ၁၄ တုံး ပျက်စီးခြင်း၊ ၁၀ ပေအရှည်ရှိ ကွန်ကရစ်တံတား ကြမ်းခင်း သုံးပေ ပတ်လည်ခန့် ထိခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့မီးရထားမှ ပျက်စီးမှုများအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ခဲ့သည်။

 

ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ငန်းများကို တစိုက်မတ်မတ် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအပေါ် လွန်စွာစက်ဆုပ် ရွံရှာလျက်ရှိကြကြောင်း သတင်းရရှိသည်။

 

MDN