အကြမ်းဖက်သောင်းကျန်းသူများ မိုင်းဖောက်ခွဲမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား တံတားအမှတ် (၇၃၈) ၏ အစုန်/အဆန် ရထားသံလမ်းနှင့် ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးဆုံးရှုံး


နေပြည်တော်၊ မတ် ၁၀ 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်ဆည် - မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ အကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားများပေါ်တွင် ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ဘက်ခြမ်းသံလမ်းများ (၂) ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေးသော လက်ကျန် မိုင်း တစ်လုံးအား တွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန် လမ်းပိုင်းများအား နံနက်၈ နာရီ မိနစ် ၅၀ တွင် ခေတ္တပိတ်ခဲ့ရသည်။ 
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မပေါက်ကွဲသေးသည့် မိုင်းအား သက်မဲ့ပြုလုပ် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ မြန်မာ့မီးရထား ဝန်ထမ်းများ ကလည်း ရထားလမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးသွားသော ရထားလမ်းပိုင်းအား ချက်ချင်းပြုပြင်မွမ်းမံ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကျောက်ဆည်-မင်းစု အဆန် လမ်းပိုင်းကို မွန်းလွဲ ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းအား မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တို့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ 
အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားများ ကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများ ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပြီး၊ ၇၅ ပေါင်သံလမ်း၊ ကွန်ကရစ်ဇလီဖားတုံးနှင့် သစ်သား ဇလီဖားတုံးများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်သည်။

 

mdn


အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်းအကြိမ် (၁၃၀)၊ ရထားတံတားများအား မိုင်းခွဲ ဖျက်ဆီးခြင်း (၄၉) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီး ခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြဖြစ်သည်။ 
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက် ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ် ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ကို ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်