နေပြည်တော် ဩဂုတ် ၃၀
တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး ပြည်ထောင်စု လမ်းမကြီးဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် နောင်ချို-ကျောက်မဲ လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ခဲရာခဲဆစ်ဖြင့်ဆောင်ရွက်ခဲ့ရာ နောင်ပိန်ကျေးရွာ၊ ပင်ပေါကျေးရွာ၊ နောင်ပစ်လမ်းခွဲနှင့် ဂုတ်တွင်းတံတား၊ ဂုတ်ထိပ် တံတားနှင့် အဆိုပါဒေသတစ်ဝိုက်တို့အား ဩဂုတ် ၂၉ ရက်တွင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
အလားတူ ဒေသတွင်းကုန်စည်စီးဆင်းမှုနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော နောင်ချို - အုမ္မသီး - ဟိုခို - မိုးကုတ် လမ်းကြောင်းနှင့် ပြင်ဦးလွင်-ကျောက်မဲ လေး-သံဘို-ဟိုခို-မိုးကုတ် လမ်းမကြီးများ တစ် လျှောက် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာဘေးအန္တရာယ်ကင်းစွာဖြင့် အချိန်အခါမရွေး သွားလာနိုင်ရေးအတွက် အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထားသည့် ပြင်ဦးလွင်- မိုးကုတ်နှင့် နောင်ချို - မိုးကုတ် ကားလမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်း များကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချို - လောက်ဖန်း - ဟိုခို - ရတနာသိင်္ဂီ သတ္တုမိုင်းတွင်းလမ်းကြောင်း၊ ပြင်ဦးလွင်-ကျောက်မဲလေး - သံဘို - ဟိုခို လမ်းကြောင်း၊ အုမ္မသီး-သုံးဆယ်- ဟိုခို - ရတနာသိင်္ဂီသတ္တုမိုင်းတွင်း လမ်းကြောင်းများဖြင့် စစ်ကြောင်းသုံးကြောင်း ခွဲ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ခက်ခက်ခဲခဲဖြင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နောင်ချို- လောက်ဖန်း - ဟိုခို - ရတနာသိင်္ဂီသတ္တုမိုင်းတွင်း စစ်ကြောင်းသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားခဲ့သည့် ကုန်းသာရွာသစ်ကျေးရွာနှင့် စက်ရုံကျေးရွာ၊ ဇူလိုင် ၁၈ ရက်တွင် လောင်ဖန်း ဘိလပ်မြေစက်ရုံ၊ ၂၂ ရက်တွင် ခဲစံရွာနှင့် အင်ကြင်းကုန်းကျေးရွာ၊ ၂၆ ရက်တွင် ပန်းစုံကျေးရွာနှင့် ကြူအင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း (နောင်ချို) နှင့် အသက်မွေးမှု အတတ်သင်စခန်း (ကောင်းမှုစခန်းခွဲ)၊ ၂၇ ရက်တွင် ဟိုနောင်ကျေးရွာ၊ ဩဂုတ် ၁ ရက်တွင် တော်မွန်းကျေးရွာ၊ ၂ ရက်တွင် နားနွဲ့ကျေးရွာ၊ ၃ ရက်တွင် ကြူကော်ကျေးရွာ၊ ၆ ရက်တွင် ဟိုခိုတို့အား အဆင့်ဆင့်သိမ်းပိုက်ရရှိခဲ့သည်။
အလားတူ အုမ္မသီး- သုံးဆယ်- ဟိုခို - ရတနာသိင်္ဂီသတ္တုမိုင်းတွင်း လမ်းကြောင်းမှ တပ်မတော် စစ်ကြောင်းသည် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား အဆင့်ဆင့် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဇူလိုင် ၂၄ ရက်တွင် ပြင်ဦးလွင်-နောင်ချို ကားလမ်းမကြီးပေါ်ရှိ အုမ္မသီးကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ဆမ်ဆယ်ကျေးရွာနှင့် ကျောက်သုံးလုံးကျေးရွာ၊ ၂၅ ရက်တွင် လွယ်ငင်းကျေးရွာ၊ ၂၆ ရက်တွင် မြို့တွင်းကျေးရွာ၊ ၂၇ ရက်တွင် သုံးဆယ်ကျေးရွာ၊ ၂၉ ရက်တွင် သရက်ကုန်းကျေးရွာ၊ ရွှေကြာအင်း ကျေးရွာ၊ အထက်ကြူအင်းကျေးရွာ၊ ၃၀ ရက်နေ့တွင် အောက်ကြူ အင်းကျေးရွာ၊ ဩဂုတ် ၁ ရက်တွင် နမ့်ခေါက်ကျေးရွာ၊ တော်မွန်းကျေးရွာ၊ ဩဂုတ် ၂ ရက်တွင် ကုန်းညောင်ကျေးရွာ၊ ၄ ရက်တွင် ဟိုခဲကျေးရွာ၊ ၅ ရက်တွင် မြောက်ကုန်းကြီးကျေးရွာတို့အား ပြန်လည်သိမ်းပိုက် ရရှိခဲ့ပြီး ဩဂုတ် ၆ ရက်တွင် ဟိုခိုကျေးရွာအား အဆင့်ဆင့် ပြန်လည် တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့အတူ ပြင်ဦးလွင်-ကျောက်မဲလေး-သံဘို-ဟိုခို စစ်ကြောင်း သည် ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် သစ်တပင်ကုန်း၊ ဇူလိုင် ၃၁ ရက်တွင် ရပ်တော်မူ ကုန်း၊ ဩဂုတ် ၄ ရက်တွင် သံဘိုကျေးရွာ၊ ဇီးဖြူရေကျေးရွာနှင့် အင်းမ ကျေးရွာတို့အား အဆင့်ဆင့်ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် တပ်မတော်စစ်ကြောင်းများအနေဖြင့် စစ်ကြောင်းနှစ်ကြောင်းပေါင်း၍ ဟိုခိုကျေးရွာမှ ဟန်ချက်ညီညီဖြင့် အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက်ချီတက်တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၇ ရက်တွင် ချောင်းသာကျေးရွာ၊ ၁၁ ရက်တွင် မယ်ဟင်းကျေးရွာ၊ ၁၄ ရက်တွင် ကုန်းစံကျေးရွာနှင့် ကုန်းစံ (အကျဉ်းထောင်)၊ ၂၀ ရက် တွင် ဒိုးပင်ကျေးရွာ၊ ၂၃ ရက်တွင် လုံခန်းကျေးရွာ၊ ၂၄ ရက်တွင် နားခါးကျေးရွာ၊ ၂၆ ရက်တွင် ရတနာသိင်္ဂီမိုင်းတွင်းအနီးရှိ ရန်သူ့စခန်း ကုန်းနေရာများ၊ ၃၀ ရက်တွင် ရတနာသိင်္ဂီ သတ္တုမိုင်းတွင်းနှင့် ဒေသတစ်ဝိုက်အား အဆင့်ဆင့်သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေ ဆက်လက်ရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ တစ်လကျော် ကာလအတွင်း အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲ ကြီး/ငယ် ၄၈ ကြိမ် ဖြစ်ပွားခဲ့ကာ ရန်သူ့အလောင်း ၂၄ လောင်းနှင့် လက်နက်မျိုးစုံ ၂၃ လက်နှင့် ဆက်စပ်ပစ္စည်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော် စစ်ကြောင်းများအနေဖြင့် ထိခိုက်ကျဆုံးမှုအနည်းဆုံးဖြင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့အတူ နောင်ချို - ကျောက်မဲ လမ်းပိုင်းရှိ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသအတွင်း နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် အဆိုပါဒေသများအား ခေတ္တစိုးမိုးထားသည့် ကာလအတွင်း အများပြည်သူသွားလာလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ သစ်ပင်သစ်ကိုင်းများဖြင့် လမ်းပိတ်ဆို့ခြင်းများ၊ ကျေးရွာများအတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းများကြောင့် တပ်မတော်စစ်ကြောင်းများက လမ်းကြောင်း တစ်လျှောက်ရှိ အတားအဆီးနေရာများနှင့် ပျက်စီးခဲ့သည့် လမ်းတံတားများအား လူအင်အားနှင့် စက်ယန္တရားများ အသုံးပြု၍ အများပြည်သူပြန်လည်အသုံးပြုသွားလာ နိုင်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ မိုင်း အန္တရာယ် ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို နေ့ညမပျက် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိရပ်ရွာအိုးအိမ်များတွင် အေးချမ်းစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရား ပြန်လည် လည်ပတ်နိုင်ရေး၊ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ မရှိစေရေး၊ လက်နက်အားကိုးဖြင့် ပြည်သူကို အနိုင်ကျင့်ခြင်းများ၊ ဒေသ ဖွံ့ဖြိုးရေးကို ပျက်စီးစေသည့် အကြမ်းဖက်လုပ်ရပ်များ မရှိစေရေးတို့အတွက် လိုအပ်သည့် နယ်မြေ လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို အစဉ်တစိုက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


