လွိုင်ကော် ဩဂုတ် ၂၇
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကယန်းသာယာဓာတ်အားခွဲရုံ ပြုပြင်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ကယန်းသာယာ ဓာတ်အားခွဲရုံ ပြုပြင်ပြီးစီး၍ ဓာတ်အားဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အခက်အခဲမရှိ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ရေး မှာကြားသည်။
ထို့နောက် တောင်ငူ- လိပ်သို- ယာဒို - လွိုင်ကော် - ဟိုပုံးလမ်း မိုင်တိုင်(၁၃၈/၄)ဖာလုံတွင် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကျောက်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ကာလအတွင်းပြီးစီးရေး မှာကြားသည်။
ယင်းနောက် လွိုင်ကော်စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းများနှင့် ဆန်စက်လုပ်ငန်းများ စတင်လည်ပတ် ဆောင်ရွက်နေမှု၊ စက်မှုဇုန်လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး 200KVA ထရန်စဖော်မာများ တပ်ဆင်ပြီးစီးမှုနှင့် စက်မှုဇုန်အတွင်း လမ်းရှစ်လမ်း ကတ္တရာခင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နွားလဝိုးကျေးရွာအုပ်စု နွားလဝိုးရွာမကျေးရွာတွင် မိုးစပါးစံပြကွက် စိုက်ပျိုးထားရှိမှုနှင့် အဆိုပါလယ်မြေများသို့ ရေပေးဝေလျက်ရှိသည့် နွားလဝိုး ရေလှောင်ကန် မိုးရေသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးနှင့် ရေထိန်းတံခါးများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်နယ်(ပြန်/ဆက်)


