အကြမ်းဖက်သမားတွေက မြန်မာနိုင်ငံဘက်မှာလည်း ဒုက္ခပေးမှုတွေရှိသလို ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ဒုက္ခပေးမှုတွေ ရှိပါတယ်

၁၈  စက်တင်ဘာ

 

မောင်တောဒေသမှ တစ်ဖက်နိုင်ငံ၌ ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာသူ မိသားစုဝင် ခြောက်ဦးသည် စက်တင်ဘာ ၄ ရက်က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာကြပြီး ၎င်းတို့အား တာဝန်ရှိသူများက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် စနစ်တကျ ပြန်လည်လက်ခံ နေရာချထားပေးပြီး ဖြစ်သည်။ ၎င်းတို့ထံမှ မိသားစုဝင်တစ်ဦးဖြစ်သူ မာမတ်ရှော်ရိပ်အား ၎င်းတို့မိသားစုဝင်များ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားဖော်ပြလိုက်ရပါသည်။

 

မေး။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်သွားရတဲ့ အကြောင်းရင်းကို ပြောပြပေးပါဦး။

 

ဖြေ ။ ။ ဟိုဘက်ကို ထွက်သွားတဲ့အကြောင်းက ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က မောင်တောခရိုင်ဘက်မှာ ARSA အကြမ်းဖက် အဖွဲ့တွေက ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တယ်။ သူတို့တွေက တုတ်၊ ဓား၊ လက်နက်တွေ၊ လူစုလူဝေးတွေနဲ့ဆိုတော့ ရွာသူ ရွာသားတွေက ကြောက်ရွံ့ထိတ်လန့်နေကြတယ်။ နောက်တစ်ခုက တောင်ပြိုလက်ဝဲမြို့ အမှတ် (၁) ရပ်ကွက်က အုပ်ချုပ်ရေးတာဝန်ခံကို အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးပြီး သတ်ဖို့တောထဲကို ခေါ်ဆောင်သွားတာ ကျွန်တော်တွေ့ရတယ်။ သူပြီး ရင် ကျွန်တော့်ကိုလည်း ဖမ်းဆီးဖို့ရှိတယ်ဆိုတာ သတင်းရလိုက်တယ်။ ဒါကြောင့် အကြမ်းဖက်သမားတွေက ကျွန်တော်တို့မိသားစုကို မတရားသတ်ဖြတ်မှာ စိုးရိမ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

 

မေး။ ။ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့အခါ ဟိုဘက်မှာ ဘယ်လိုမျိုးတွေ ကြုံတွေ့ ခဲ့ရသလဲ။

 

ဖြေ ။ ။ ပထမထွက်ပြေးပြေးချင်း တစ်လတိတိ စစ်တကောင်း အနီးတစ်ဝိုက်ရွာမှာ ခိုလှုံနေပါတယ်။ ဘာလို့လဲဆိုတော့ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကို ခံရမှာစိုးတဲ့အတွက် အခြေအနေတွေကို စောင့်ကြည့်နေခဲ့ပါတယ်။ ပြီးမှ ဘာလူခါလီ ဒုက္ခသည်စခန်းမှာ နေခဲ့ပါတယ်။ ဒုက္ခသည်စခန်းမှာ နေတဲ့အချိန်မှာလည်း အကြမ်းဖက်သမားတွေက အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ လူတွေ တော်တော်များများကို သတ်ဖြတ်တာကိုလည်း ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ နေ့စဉ်နဲ့အမျှ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော် မြန်မာနိုင်ငံဘက်မှာ ရှိကတည်းက သူတို့က ကျွန်တော့်ကို သိနေတဲ့အတွက် ဟိုဘက်ရောက်တဲ့ အခါမှာလည်း လိုက်လံရှာဖွေတာတွေ ရှိခဲ့ပါတယ်။ အဲဒါကြောင့် ညဘက်ဆို ဒုက္ခသည်စခန်းမှာ မနေရဲဘဲ ကျေးရွာတွေမှာ တိမ်းရှောင်နေရင်းနဲ့ ပြန်လာဖို့ အချိန်တွေကြာသွားခဲ့တာ ဖြစ်ပါတယ်။

 

မေး။ ။ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အချိန် တွေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်မှုမျိုးတွေ လုပ်ဆောင်ပေးပါသလဲ။

 

ဖြေ ။ ။ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်ဘဝနဲ့နေတဲ့ အချိန်မှာ ကျွန်တော်တို့ကြားတာက မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအကြား ပြန်လည်လက်ခံရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတယ်ဆိုတဲ့ အကြောင်းကို ကြားသိရပါတယ်။ အဲဒီလိုကြားရတဲ့အတွက် မြန်မာနိုင်ငံဘက်ကို ပြန်လာချင်တဲ့သူတွေအားလုံး ဝမ်းသာမိပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး လာရောက်စာရင်းကောက်ခံမှုတွေတော့ မတွေ့ရပါဘူး။ ဒုက္ခသည်စခန်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အုပ်ချုပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရသလို အဲဒီစခန်းမှာရှိတဲ့ စခန်းတာဝန်ခံတွေရဲ့ အုပ်ချုပ်မှုကိုလည်း လိုက်နာရပါတယ်။ စားသောက်ရေး ထောက်ပံ့ကူညီမှုတွေ အနေနဲ့တော့ လုံလောက်မှု ရှိပါတယ်။ နေရေးထိုင်ရေးကတော့ တဲတွေထဲမှာ နေနေရပါတယ်။ နေထိုင်မှု အခက်အခဲတော့ နည်းနည်းရှိပါတယ်။ အဆိုးဆုံးက အကြမ်းဖက်သမားတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို မခံစားနိုင်တာက အဓိကအခက်အခဲပါ။ အကြမ်းဖက်သမားတွေက မြန်မာနိုင်ငံဘက်မှာ လည်း ဒုက္ခပေးမှုတွေရှိသလို ဘင်္ဂလားဒေ့ရှ်ဘက် မှာလည်း ဒုက္ခပေးမှုတွေ ရှိပါတယ်။

 

မေး။ ။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါမှာ ဘယ်လိုအခက်အခဲ တွေ ကြုံတွေ့ခဲ့ရသလဲ။

 

ဖြေ ။ ။ ကျွန်တော်တို့ပြန်လာဖို့ကို စခန်းကလူတွေ သိရှိသွားရင် ကျွန်တော်တို့မိသားစုအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် တောင်ပြိုမှာရှိတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆက်သွယ်ပြီးတော့မှ ကျွန်တော်ပြန်လာချင်ကြောင်း လက်ရှိ တွေ့ကြုံနေရတဲ့ အခက်အခဲနဲ့ အကြမ်းဖက်သမားတွေ ကျွန်တော့်ကို လိုက်လံရှာဖွေပြီး အန္တရာယ်ပြု သတ်ဖြတ်နိုင်ကြောင်းတွေကို ပြောပြခဲ့ပါတယ်။ အဲဒီလိုပြောပြခဲ့တဲ့အတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ နားလည် လက်ခံပေးပြီး ကျွန်တော်တို့ မိသားစုကလည်း တကယ်ပြန်လာချင်တဲ့သူတွေ ဖြစ်တဲ့အတွက် ပြန်လည်လက်ခံပေးခဲ့တာ ဖြစ်ပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံဘက်ကို ပြန်ရောက်လာတဲ့ အချိန်မှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေနဲ့ လုံခြုံမှုအပိုင်းလေး ပြောပြပေးပါဦး။

 

ဖြေ ။ ။ မြန်မာနိုင်ငံဘက်ကို ပြန်ဝင်လာတဲ့ အချိန်မှာ တာဝန်ရှိသူတွေအနေနဲ့လည်း တောင်ပြိုလက်ဝဲ လက်ခံရေး စခန်းကနေ ကြိုဆိုပြီး လိုအပ်တာတွေကို ကူညီပံ့ပိုး ဆောင်ရွက်ပေးပါတယ်။ တောင်ပြိုကနေတစ်ဆင့် လှဖိုးခေါင်စခန်းကို ခေတ္တခေါ်သွားပြီး အဲဒီကနေ မောင်တော ၂ ရပ်ကွက်မှာ နေထိုင်ရပါတယ်။ နေထိုင်စားသောက် ရတာတွေလည်း အဆင်ပြေသလို လုံခြုံရေးအတွက်လည်း ဆောင်ရွက်ပေးထားပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့လည်း အမြဲဆက်သွယ်ပြီး လိုအပ်တာတွေကို ကူညီထောက်ပံ့ ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော့်ရဲ့ သားသမီးတွေ မောင်တော အထက (၂) မှာ ကျောင်းတက်နိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော် ဆယ်တန်းအထိ မောင်တောမှာ ကျောင်းနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သားသမီးတွေကိုလည်း ပညာတတ်ကြီးတွေ ဖြစ်စေချင်ပါတယ်။ ပညာတတ်မှ အမှားအမှန် အကောင်းအဆိုးကို ခွဲခြားနိုင်မှာပါ။ ကျွန်တော့်ရဲ့ သားသမီးတွေ ကျောင်းတက်နိုင်အောင် စီစဉ်ပေးတဲ့အတွက်လည်း တာဝန်ရှိသူတွေကို အများကြီး ကျေးဇူးတင်ပါတယ်။

 

မေး။ ။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ကျန်ရှိ နေတဲ့သူတွေအတွက်ရော ဘာများပြောချင်ပါသလဲ။

 

ဖြေ ။ ။ အဲဒီမှာ ကျွန်တော်တို့လို မြန်မာနိုင်ငံဘက်ကို ပြန်လာချင်တဲ့သူတွေ ရှိပါတယ်။ တချို့လည်း ကျွန်တော်နဲ့ အဆက်အသွယ် ရှိပါတယ်။ ပြန်လာချင်ကြောင်း ပြောကြပါတယ်။ ကျွန်တော်တို့တစ်ရွာလုံး ဒုက္ခသည်စခန်းမှာပါ။ ကျွန်တော်တို့မိသားစုပဲ ပြန်လာနိုင်သေးတာပါ။ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အကြား ဒုက္ခသည်များ ပြန်လည်လက်ခံရေး လက်မှတ်ရေးထိုးကြတာတွေ ကြားသိရပေမယ့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ပြန်လည်ပို့ဆောင်ရေး စာရင်းကောက်ခံတာတွေကို မတွေ့ရပါဘူး။ အကြမ်းဖက်သမားတွေရဲ့ မူလရည်ရွယ်ချက်က မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးအောင် ကြိုးစားဖန်တီးပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း ကျွန်တော်တို့လူမျိုးတွေ ဆက်နေဖို့ ကြိုးစားနေတာက မလိုလားအပ်တဲ့ ပြဿနာတွေ၊ ဆန္ဒပြတောင်းဆိုခိုင်းတာတွေ၊ နောက်ကွယ်ကနေ ကြိုးကိုင်ခိုင်းစေမှုတွေကြောင့် ကျန်တဲ့လူတွေ မြန်မာနိုင်ငံဘက်ကို ပြန်မလာနိုင်တာ ဖြစ်ပါတယ်။

 

မေး။ ။ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။

 

ဖြေ ။ ။ ကျွန်တော်တို့မိသားစု မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေကို လေးစားလိုက်နာပါမယ်။ အရင်တုန်းကလည်း လေးစားလိုက်နာခဲ့သလို ယခုလည်း လေးစားလိုက်နာနေထိုင်ပါတယ်။ ဥပဒေဘောင်အတွင်း ကိုက်ညီတဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရင်း မိသားစုနဲ့အတူ လုံခြုံအေးချမ်းစွာ နေထိုင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

 

တွေ့ဆုံမေးမြန်း- ဟိန်းသူ၊ မင်းဇော်