အကျဉ်းသားများ ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကို ကတိခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းစနစ်ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲလျက်ရှိ 

နေပြည်တော် ၃ ဇွန်    

 

ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနအနေဖြင့် နိုင်ငံခြားတိုင်းပြည်အချို့တွင် ကျင့်သုံးလျက်ရှိသော Parole System (ခေါ်) ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကို ပြင်ပတွင် ကောင်းမွန်စွာ နေထိုင်ပါမည်ဟူသော ကတိခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းစနစ် ဆောင်ရွက်နိုင်ရန်အတွက် အကျဉ်းထောင်များနှင့် ကိုက်ညီမည့်ခံဝန်ဖြင့်လွှတ်ပေးသော အကျဉ်းသားများ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ ဥပဒေ(Probation Law)မူကြမ်းကို စတင်ရေးဆွဲဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက လွှတ်တော်သို့ ရှင်းလင်းဖြေကြားသည်။

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင်၏ မြန်မာနိုင်ငံအကျဉ်းထောင်များ၌ နိုင်ငံခြားတိုင်းပြည်များတွင် ကျင့်သုံးလျက်ရှိသော Parole System ကျင့်သုံးရန် ရှိ၊ မရှိ - ကျင့်သုံးရန်မရှိပါက အဘယ့်ကြောင့်ကျင့်သုံးခြင်းမပြုကြောင်း၊ ကျင့်သုံးရန်ရှိပါက ဘယ်အချိန်တွင် စတင်ကျင့်သုံးမည်ကို သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းအား ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက အထက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က မေးခွန်းနှင့်စပ်လျဉ်း၍ “ သင်္ကြန်မတိုင်ခင်တုန်းက အကျဉ်းထောင်ထဲမှာ လူတွေအင်မတန်များတယ်ဆိုတာ သိရတယ်။ ခန့်မှန်းခြေအရ ထောင်က လက်ခံနိုင်တဲ့ ဦးရေထက် နှစ်ဆလောက်ရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ထောင်ထဲမှာ လူတွေက အိပ်ဖို့နေရာတောင်အခက်အခဲရှိတယ်၊ အစစအရာရာအခက်အခဲရှိတယ်၊ နောက်တစ်ချက်က တချို့က ထောင်ထဲကို မတော်တဆရောက်သွားတယ်၊ ဥပမာ - ယာဉ်တိုက်မှုတစ်ခုဖြစ်ပြီးတော့ သူ့မှာရည်ရွယ်ချက်မရှိဘဲ၊ သူများကိုထိခိုက်စေလိုတဲ့ ဆန္ဒမရှိဘဲ ထောင်ထဲရောက်သွားတယ်ဆိုရင် သူ့မှာ နောင်တရမယ်၊ ကောင်းကောင်းမွန်မွန်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က စဉ်းစားပေးသင့်တယ်၊ အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံအပါအဝင် သုံးနိုင်ငံပဲ ဒီစနစ်ကို မကျင့်သုံးသေးတာပါ၊ ကျန်တဲ့ခုနစ်နိုင်ငံမှာ ကျင့်သုံးပြီးတော့ အကျဉ်းသားဦးရေကို လျှော့ချနေတယ်။ အကျဉ်းသား တစ်ယောက်ခေါ်ထားတယ်ဆိုတာ အလကားခေါ်ထား လို့မရဘူး၊ စရိတ်ကုန်တယ်၊ ကျွန်တော် သိရသလောက် နိုင်ငံတော်က တစ်ရက်တစ်ထောင် စားစရိတ်ပေးတယ်လို့ သိရတယ်။ ဒါတွေကို နိုင်ငံတော်ဘက်ကလည်း သက်သာသွားအောင်၊ သူတို့လည်း ထောင်ကနေထွက်လာပြီး ကောင်းကောင်းမွန်မွန်နေပါမယ်ဆိုတဲ့ ဝန်ခံချက်နဲ့နေရင် လွှတ်ပေးသင့်တယ်လို့ မြင်တဲ့အတွက် ဒီမေးခွန်းကိုမေးတာပါ။ လွှတ်ပေးတယ်ဆိုတဲ့နေရာမှာလည်း အဂတိလိုက်စားမှုတွေဖြစ်လာ နိုင် တဲ့အတွက် ဥပဒေနဲ့ စနစ်တကျဖြစ်စေချင်တာပါ”ဟု ပြောကြားသည်။

 

“Parole စနစ်ဆိုတာက တရားရုံးကပြစ်ဒဏ်ချမှတ်ထားတာကို လွှတ်ရက်မတိုင်ခင်မှာ သူ့ရဲ့ ကိုယ်ပိုင်ခံဝန်ချက်နဲ့ အကျဉ်းထောင်ထဲမှာလည်း စည်းကမ်းရှိရှိနေတယ်၊ ရပ်ရွာကလည်း သူ့ကိုပြန်လက်ခံနိုင်တယ်ဆိုရင် ခံဝန်နဲ့လွှတ်ပေးရေးအတွက် အကြံပေးကော်မတီဆိုတာရှိတယ် အဲဒီကနေ ခွင့်ပြုတယ်ဆိုရင် သူ့ကိုလွှတ်ပေးလိုက်တဲ့ စနစ်ဖြစ်ပါတယ်။ လွှတ်ပေးပြီးရင်လည်း စည်းကမ်းချက်ထားပြီး လွှတ်လိုက်တာ ဖြစ်တဲ့အတွက် အပြစ်တစ်ခု ကျူးလွန်တယ်ဆိုရင် ပြန်ဖမ်းပြီး ထောင်ထဲပြန်ထည့်တယ်၊ အဲဒီလို စောင့်ကြည့်ပြီး ခံဝန်နဲ့လွှတ်တဲ့စနစ်ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

ဒုတိယဝန်ကြီးက ယင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနတွင် အကျဉ်းထောင်၄၂ ခု၊ အချုပ်ထောင်ငါးခု၊ ကုန်ထုတ်စခန်း ၁၈ ခု၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်း ၃၀၊ စုစုပေါင်း ၉၅ ခု ဖွင့်လှစ်ထားရှိပြီး ဖွဲ့စည်းပုံအရ သတ်မှတ်ဝင်ဆံ့အင်အားမှာ ၇၁၀ဝ၀ ဖြစ်ကြောင်း၊ အဆိုပါ အကျဉ်းထောင်နှင့် စခန်း ၉၅ခု၏ အိပ်ဆောင်အနေအထားအရ အကျဉ်းသား တစ်ဦးလျှင် ၁၈ စတုရန်းပေ တွက်ချက်ထားရှိမည်ဆိုပါက ၇၄၁၅၃ ဦး ဝင်ဆံ့မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် မေ ၂၉ ရက် ထောင်ပိတ်အင်အားစာရင်းအရ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ ၈၅၇၉၅ ဦး ရှိသဖြင့် လူဦးရေ ၁၁၆၄၂ ဦးအား သတ်မှတ်ရာခိုင်နှုန်းထက် ၁၆ ရာခိုင်နှုန်း ပိုမိုလက်ခံထားရှိနေရ မှုကြောင့် အကျဉ်းသားဦးရေ လျှော့ချရေး အစီအမံလိုအပ်လျက်ရှိကြောင်း။

 

အကျဉ်းထောင်များတွင် အကျဉ်းသားကျပ်တည်းမှုပြဿနာဖြေရှင်းရေး အကြံပြုစာတမ်းအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှလည်းကောင်း၊ အကျဉ်းထောင်/အကျဉ်းစခန်းများတွင် အကျဉ်းသား ဦးရေ ကျပ်တည်းမှုအခြေအနေများဖြစ်ပေါ်နေမှုကို ပြည်ထဲရေးဝန်ကြီးဌာနမှလည်းကောင်း နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့မှုအပေါ်နိုင်ငံတော်သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနက အဓိကတာဝန် ယူ၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး အကျဉ်းသားစိစစ်လျှော့ချရေး ကော်မတီ ဖွဲ့စည်းသွားရန်နှင့် လိုအပ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် ညွှန်ကြားထားသဖြင့် ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။

 

အကျဉ်းသားကျပ်တည်းမှုပြဿနာဖြေရှင်းရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ ဦးဆောင်သော အဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ အကြံပေးကော်မတီတို့ ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ခံဝန်ဖြင့်လွှတ်ပေးသော အကျဉ်းသား များအား စောင့်ကြပ်ကြည့်ရှုလေ့လာခြင်းဆိုင်ရာ ဥပဒေ (Probation Law)မူကြမ်းအား ပြည်ထဲရေး ဝန်ကြီးဌာန ဥပဒေရေးရာအကြံပေးကော်မတီဖြင့် အသေးစိတ်ညှိနှိုင်းရေးဆွဲရန် ဆုံးဖြတ်ချက်ချမှတ် ခဲ့ကြောင်း၊ အဆိုပါ ဥပဒေ(မူကြမ်း)ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဥပဒေ ရေးရာ အကြံပေးကော်မတီတို့က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကစ၍ ညှိနှိုင်းဆွေးနွေးကာ ဥပဒေ (မူကြမ်း)အား အခန်း(၁၀)ခန်းဖြင့် ရေးဆွဲ၍ အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး က ဆက်လက်ပြောကြားသည်။

 

ယခုအခါ ခံဝန်ဖြင့်လွှတ်ပေးသော အကျဉ်းသားများအား စောင့်ကြပ်ကြည့်ရှုလေ့လာခြင်းဆိုင်ရာ ဥပဒေ (Prabation Law)မူကြမ်း အခန်း(၁၀)ခန်းအနက် ခုနစ်ခန်းကို အတည်ပြုနိုင်ခဲ့ပြီး အခန်း(၆)၊ အခန်း(၇)နှင့် အခန်း(၈)တို့၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ယင်းဥပဒေ(မူကြမ်း)အား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းအတည်ပြုရေးဆွဲပြီးပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထား မှတ်ချက် တောင်းခံကာ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးသည်အထိ အဆင့်ဆင့်တင်ပြ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် အဆိုပါ ဥပဒေအတည်ပြုပြီးပါက ဥပဒေနှင့်အညီ အကောင်အထည်ဖော် ကျင့်သုံးသွား မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းလင်းပြောကြားသည်။

 

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံခြားတိုင်းပြည်များ၌ ကျင့်သုံးလျက်ရှိသော Parole System (ခေါ်)ပြစ်ဒဏ်မစေ့မီ  ကျန်ပြစ်ဒဏ်ကာလကို ပြင်ပတွင်ကောင်းမွန်စွာနေထိုင်ပါမည်ဟူသော ကတိ ခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းစနစ်ကို လက်ရှိကျင့်သုံးနေခြင်းမရှိသော်လည်း အကျဉ်းထောင်များတွင် လက်ရှိလူဦးရေ ကျပ်တည်းမှုကို ရေရှည်ဖြေလျှော့ရန်အတွက် အဆိုပါစနစ်ကိုကျင့်သုံးရန် စတင် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရှင်းလင်းဖြေကြားသည်။

 

သတင်း - ဇင်ဦး၊ နေဝင်းထွန်း(မြန်မာ့အလင်း)

 

ဓာတ်ပုံ - သီဟစည်သူ