ရန်ကုန် ၆ ဧပြီ

 

အကူသူနာပြုသင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် သူနာပြုနှင့် သားဖွားဆရာမများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အကူသူနာပြုများ မွေးထုတ်လေ့ကျင့် ခန့်အပ်ပေးနိုင်ခြင်းဖြင့် သူနာပြုများ၏ လုပ်ငန်းတာဝန်များကို များစွာအထောက်အပံ့ရရှိစေနိုင်ပြီး ဆေးရုံများတွင် လူနာများကို ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြု၊ သားဖွားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် (၂၀၁၈)ခုနှစ်မှစတင်၍ သူနာပြုသိပ္ပံဘွဲ့ သင်တန်းသား/သင်တန်းသူ (၄၀ဝ)အထိလည်းကောင်း၊ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/ သင်တန်းသူ (၃၆၀ဝ)အထိလည်းကောင်း တိုးမြှင့်ခေါ်ယူ လေ့ကျင့်ပေးလျက်ရှိပြီး ဘက်စုံသားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူ (၁၃၀ဝ)ခန့်အားနှစ်စဉ် တိုးမြှင့်လေ့ကျင့်သင်ကြားပေးလျက် ရှိပါကြောင်း၊

 

ဝန်ကြီးဌာနအနေဖြင့် (၂၀၁၄) ခုနှစ်နှင့် (၂၀၁၅)ခုနှစ်တို့တွင် အကူသူနာပြု (၉)လသင်တန်း (၁)ကြိမ်စီပြုလုပ်၍ အကူသူနာပြုစုစုပေါင်း (၃၀၂၀)ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဝန်ကြီးဌာနဆေးရုံ၊ ဆေးခန်းများတွင် (၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၄၀ဝ)ကို ခန့်ထားနိုင်ခဲ့ပြီးကျန် (၁၆၂၀)အနက် အချို့သည် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လုပ်ကိုင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ပြင်ပတွင် အကူသူနာပြု သင်တန်းအမျိုးမျိုးကို ပြုလုပ်လျက်ရှိသော်လည်း ဝန်ကြီးဌာနအနေဖြင့် တရားဝင်ဖွင့်လှစ်ခွင့်ပြုထားခြင်း မရှိသေးပါကြောင်း၊ ပြင်ပအကူသူနာပြုသင်တန်းများသည် ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးကော်မတီနှင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့တို့မှ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့်အညီ သင်တန်းပေးပြီး အရည်အသွေးပြည့်ဝသော အကူသူနာပြုများ မွေးထုတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊

 

mdn

 

အကူသူနာပြုများ မွေးထုတ်လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်တွင် အလုပ်အကိုင် အခွင့်အလမ်းများလည်း များစွာရရှိနိုင်မည် ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားလောကကြီး တစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။

 

ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ သတ်မှတ်ထားသောမူဝါဒများနှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ GIZ မှ Deputy Project Manager ဒေါက်တာနိုင်ရီမာက “စံ” သတ်မှတ်ရေးလုပ်ငန်းများတွင် GIZ မှ ပါဝင်ကူညီဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် အကူသူနာပြုသင်တန်းဆိုင်ရာများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်းများ၊ ဝိုင်းဖွဲ့ဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa နှင့် အတူယနေ့၊ မွန်းလွဲပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)၌ ကျင်းပသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Korea Foundation for International Health (KOFIH)တို့ ပူးပေါင်းဆောင်ရွက်သည့် လှည်းကူးမြို့နယ်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုစနစ် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်းစီမံချက် (၂၀၁၄-၂၀၁၉) အပေါ် ကာလလယ်ဆန်းစစ်တွေ့ရှိချက်များ တင်ပြသည့် အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa က အမှာစကား ပြောကြားသည်။

 

ထို့နောက် လှည်းကူးမြို့နယ်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုစနစ် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း သုတေသနပြုဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်သက်ဝေက ဆန်းစစ်သုံးသပ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် နောက်ခံအကြောင်းအရာနှင့် ရည်ရွယ်ချက်များကိုလည်းကောင်း ဆေးသုတေသန ဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာဝေဝေဟန်က သုတေသနပြု ဆန်းစစ်တွေ့ရှိချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)