အလောင်းတော်ကဿပ ဘုရားဖူးလာရောက်သူများ ဘေးကင်းလုံခြုံရေးအတွက် ဆင်အကောင်(၂၀)ဖြင့် ဝန်ဆောင်မူပေးလျက်ရှိ

ယင်းမာပင် ၁၀  ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပသို့ ဘုရားဖူးရာသီ ဇန်နဝါရီလမှ ဧပြီလကုန်အထိ (၄)တာကာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများနှင့် ပြင်ပနိုင်ငံများမှ နိုင်ငံခြားသား ဘုရားဖူးများနှင့် ဒေသန္တရဗဟုသုတလေ့လာရှာမှီးလိုသူများ နေ့စဉ် လာရောက်လျက်ရှိသည်။

 

2231125

 

အလောင်းတော်ကဿပသို့ ဘုရားဖူးလာရောက်သူများအနေဖြင့် ဘုရားဖူးရာသီ လေးလတာအတွင်း ယင်းမာပင်ခရိုင်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝ-ယင်းမာပင်မြို့နယ် တရော်ကျင်းလမ်းခွဲမှတစ်ဆင့် ကပိုင်လမ်းဆုံအထိလည်းကောင်း၊မုံရွာ-ယင်းမာပင်-လည်ငေါက်-ကပိုင်လမ်း၊ မုံရွာ-ယင်းမာပင်-ကုန်းရွာ-ကပိုင်လမ်း၊ မုံရွာ-ဇီးတော-ကပိုင်လမ်းတို့မှတစ်ဆင့် တောင်ပေါ်လမ်း(၂၁)မိုင်အထိ ကိုယ်ပိုင် ကားကြီးကားငယ် အသွယ်သွယ်ဖြင့်လည်းကောင်း၊မုံရွာမြို့အခြေစိုက် အလောင်းတော်ကဿပဘုရားဖူး ယာဉ်လိုင်းများမှတစ်ဆင့်သော်လည်းကောင်း၊ ယင်းမာပင်မြို့မှ ကားအော်ဒါများငှား၍လည်းကောင်း မိသားစုလိုက်အဖွဲ့၊ သူငယ်ချင်းမိတ်ဆွေများစုပေါင်း၍ သော်လည်းကောင်း၊ဆိုင်ကယ်/ခြေလျင်တောင်တက်ခရီးသွားများ အများအပြားလာရောက်လျက်ရှိကြသည်။ 

 

အလောင်းတော်ကဿပအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ဘုရားဖူးအခြေအနေဖြင့် ပတ်သက်၍ "ဒီနှစ် ဘုရားဖူးလာရောက်ကြသူတွေ စိတ်အေးချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် လမ်းများကိုကျယ်ကျယ်ပြန့်ပြန့်ဖောက်လုပ်ပေးထားတဲ့အပြင် မိမိတို့ဥယျာဉ်မှ ဘုရားဖူးဝန်ဆောင်မှုအဖြစ် ဆင် (၁၀)ကောင်နှင့် သစ်ထုတ်လုပ်ရေးမှ လာရောက်အားဖြည့်ထားတဲ့ ဆင်(၁၀)ကောင် ၊စုစုပေါင်းဆင်ကောင်ရေ ခန့်နဲ့ လက်ရှိဘုရားဖူးတွေကို ဘေးကင်းလုံခြုံအောင် ဆင်ထိန်းများမှကြီးကြပ်ကာ ပို့ဆောင်ပေးနေပါတယ်။ နောက်ထပ် သစ်ထုတ်လုပ်ရေးမှ  ယခုဇန်နဝါရီလလယ်ပိုင်းတွင် ဆင်ကောင်ရေ ၃၀ ဖြည့်တင်းပြီး ဘုရားဖူးများအတွက် အဆင်ပြေအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟုပြောကြားသည်။

 

မြန်မာနိုင်ငံသူ၊နိုင်ငံသားတို့၏သမိုင်းဝင် အာဆီယံအမွေအနှစ် စားရင်းဝင်ဖြစ်သည့် အလောင်းတော်ကဿပကို မနှစ်က ဘုရားဖူးရာသီအတွင်း ဘုရားဖူးလာရောက်သူဦးရေ ရဟန်းရှင်လူ (၃)သိန်းကျော်ရှိပြီး ပြင်ပနိုင်ငံခြားသားများလည်း တစ်နှစ်ထက်တစ်နှစ် လာရောက်လေ့လာသူ ပိုမိုများပြားလျက်ရှိသည်။

 

ယခုနှစ် ဘုရားဖူးရာသီအစတွင် နေ့စဉ် ဆင်စီးသူဦးရေ (၁၀ဝ၀)ကျော်ခန့် ရှိပြီး ဆင်စီးမည့် ဘုရားဖူးများအတွက် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၊ မသန်စွမ်းများကို ဦးစားပေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


            
ထွန်းကိုကို(ယင်းမာပင်)