အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ပွင့်လန်းစေမည့် ငှက်ပျောချည် တန်ဖိုးမြှင့် ထုတ်ကုန်သင်တန်းဖွင်လှစ်


ရန်ကုန် ၊ မတ် ၉
 ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင် အထူးစိုက်ပျိုးမွေးမြူရေးဇုန် (၂) ရှိ ရတနာရွှေမိုး စိုက်ပျိုးရေးဥယျာဉ်၌ ဖွင့်လှစ်သည့်  ငှက်ပျောချည်မှ တန်ဖိုးမြှင့်ထုတ်ကုန် သင်တန်းအား သွားရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်သည် ငှက်ပျောချည်မှထုတ်လုပ်သော တန်ဖိုးမြှင့် ထုတ်ကုန်များကို လိုက်လံကြည့်ရှုပြီး သင်တန်းသားများနှင့်တွေ့ဆုံကာ နိုင်ငံတော်အနေဖြင့် ပြည်တွင်းထုတ်ကုန်များကို သွင်းကုန်အစားထိုးအဖြစ် ထုတ်လုပ်နိုင်ရန် အားပေးကူညီလျက်ရှိကြောင်း၊ စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အပံ့ ဖြစ်စေပြီး တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်မှုမြင့်မားလာပါက ရန်ကုန်မြို့၏  စည်ကားရာနေရာများနှင့် နိုင်ငံခြားသား လည်ပတ်မှုများသော နေရာတို့တွင် ပြသရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အများ စိတ်ဝင်စားသော ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း။ ဈေးကွက်၏ သဘောသဘာဝကိုသိရှိပြီး မိမိထုတ်ကုန်ကို နည်းမှန်လမ်းမှန် ထုတ်လုပ်ချပြနိုင်ရန်လိုကြောင်းပြောကြား၍ သင်တန်းသားများကို ထောက်ပံ့ငွေ များ ပေးအပ်သည်။ 
ယခုဖွင့်လှစ်သောသင်တန်းကို  ငှက်ပျောပင်မှ စွန့်ပစ်ပစ္စည်းများကိုအခြေခံ၍ လက်မှုစီးပွား လုပ်ကိုင်လိုသူများ၊ ငှက်ပျောစိုက်တောင်သူများနှင့် အမျိုးသမီးများ၊ အိမ်တွင်းလက်မှု လုပ်ငန်းအဖြစ် စီးပွားရေးအခွင့်အလမ်းသစ်များ ရရှိစေရန်၊  မြန်မာ့လက်မှု ပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တန်ဖိုးထားတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း၌ ငှက်ပျောပင်မှချည်ထုတ်ခြင်း၊  ငှက်ပျောစက္ကူထုတ်ခြင်း၊ ဖိနပ်၊ ဖျာ၊ အိတ်မျိုးစုံနှင့် ဦးထုပ်မျိုးစုံထုတ်လုပ်ခြင်းတို့ကို လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ပိတ်ရက်မရှိ မတ် (၉) ရက်မှ (၁၇) ရက်အထိ Green Banana  Myanmar Group မှ သင်ကြား ပေးသွားမည်ဖြစ်ရာ  အခြေခံသင်တန်းပြီးဆုံးပါက အဆင့်မြင့်သင်တန်းဖြစ်သော ငှက်ပျောချည်ဖြင့် ယက်ကန်းယက်ခြင်း၊ ဂျပ်ခုတ်ယက်ခြင်း၊ ချည်ထုတ်ယူခြင်း၊ ပိတ်စထုတ်ခြင်း၊ ပုဝါထုတ်ယူခြင်းစသည့် နည်းပညာရပ်များကိုလည်း ၁၅ ရက်တာ လေ့ကျင့်သင်ကြားပေးသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။
        
နိုင်ငံတစ်ဝန်း၌ ငှက်ပျောစိုက်ဧက သိန်းချီစိုက်ပျိုးလျက်ရှိပြီး ငှက်ပျောချည်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြည်တွင်း၊ ပြည်ပ လိုအပ်မှုနှင့်အညီ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်မှ အားပေးကူညီလျက်ရှိသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့်အပြင် အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းသစ်များစွာ ပွင့်လန်းလာမည်ဖြစ်သည်၊၊ ပြည်ပနိုင်ငံများတွင် ငှက်ပျောလျှော်မှ အသံအလုံ ခန်းတွင် အသုံးပြုသည့်စက္ကူ၊ ရေစိုခံစက္ကူနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံတို့ကို ထုတ်လုပ်အသုံးပြုလျက်ရှိရာ မြန်မာနိုင်ငံမှ ငှက်ပျောချည် ထုတ်လုပ်သူများကလည်း တီထွင်ကြံဆမှုနှင့်အတူ အခြားသောနိုင်ငံများနှင့် ရင်ပေါင်တန်းထုတ်လုပ်နိုင်ရန် စိတ်အားထက်သန်လျက် ပြည်ပပို့ကုန်နှင့် ပြည်တွင်းဖြစ်ကို အားပေး ထုတ်လုပ်နိုင်မည့် အခွင့်အလမ်းများစွာလည်း စောင့်ကြိုလျက်ရှိကြောင်း သိရသည်။ 
ဓာတ်ပုံ - သီဟ
ညိမ်းသူ(သတင်းစဉ်)