နေပြည်တော် ၂၂ မတ်


နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။


အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် ကျား(၅၆၁၅)ဦး၊ မ(၆၈၅၆)ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၁၂၄၇၁) ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/ အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း လက်ခံရရှိမှု (၅၄)မှုတွင် ကျေအေးမှု (၆)မှု၊ ပိတ်သိမ်းမှု (၁၁)မှုနှင့် ငွေကြေးအကျိုး ခံစားခွင့် (၃၇)မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၉၉ ဦးအား ငွေကျပ် ၂၂၁၀၈၈၁၀ နှင့် အမေရိကန်ဒေါ်လာ ၂၄၆၁၂ ကို ခံစားခွင့်ရရှိစေခဲ့သည်။ 


အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၃၉၀ဝ၀ ကျော် ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေး အရာရှိများက စက်ရုံ/အလုပ်ရုံ (၇၉၇) ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများအား ပညာပေး ဟောပြောပို့ချမှု (၂၁၀) ကြိမ် ဆောင်ရွက်ခဲ့သည်။


အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခုံသမာဓိအဖွဲ့တွင် လက်ကျန်အမှု (၃)မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရားစွဲဆိုဆောင်ရွက်ပြီးစီးမှု (၄)မှုမှ အလုပ်သမား (၄) ဦးအတွက် ငွေကြေးအကျိုးခံစားခွင့် ကျပ်သိန်း ၁၀ဝ ကျော် ရရှိစေခဲ့သည်။


လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ် သိန်းပေါင်း ၁၂၀ဝ၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၉၄၃ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သိန်း ၁၁၀ဝ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။


အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အလုပ်သမား ဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ  - 


အလုပ်သမားဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ ၇၃၃၇ ဦး၊ အတွင်းလူနာ  ၆၂၉ ဦး) စုစုပေါင်း ၇၉၆၆ ဦး၊ လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၆)ခန်းနှင့် လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (၄)ခန်းနှင့် PPS စနစ်ဖြင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း (၅)ခန်းတို့မှ ဆေးကုသပေးနိုင်သူဦးရေ ၈၀၉၃၄ ဦး၊ အလုပ်သမားဆေးရုံကြီး (၃)ရုံမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသပေးမှု (၃)ကြိမ်မှ ၈၃၈ ဦး၊ လူမှုဖူလုံရေးဆေးခန်းများမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသမှု (၆၅)ကြိမ်မှ ၁၄၇၉ ဦးတို့ကို ဆေးကုသပေးခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)