လားရှိုး ၉ မတ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်ဝန်ကြီးများလိုက်ပါလျှက် ယနေ့ နံနက်(၉)နာရီခွဲအချိန်က လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၅)အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းအတွင်း ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ အများပြည်သူသုံး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေးကြည်ရှုကာ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့သည်။
အကျယ်(၄)လက်မရှိ စက်ရေတွင်းအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်တူးဖော်ခဲ့ကာ ယနေ့အချိန်အထိ အနက်ပေ ၃၆၀ ရောက်ရှိတူးဖော်လျက်ရှိကာ တစ်နာရီ ရေဂါလန် ၅၀ဝ ထွက်ရှိသည်ဖြစ်ကြောင်း သိရသည်။
စက်ရေတွင်းတူးဖော်ခြင်းအတွက် မြန်မာရတနာ ရွှေခေတ်ကုမ္ပဏီက ကျပ်သိန်း(၅၀)၊ ရပ်ကွက်နေပြည်သူ လူထုထုက ကျပ်(၁၀) သိန်းတို့ ပါဝင်လှူဒါန်းကြပါသည်။
လားရှိုးမြို့ရှိအမှတ်(၉)ရပ်ကွက်အပါအဝင် ရပ်ကွက်အချို့၌ နွေရာသီ အချိန်ရောက်တိုင်း ရေရှားပါမှုကိုကြုံတွေ့ရပြီး ရပ်ကွက်နေပြည်သူများ ရေရှားပါးမှုအခက်အခဲကို လျှော့ချနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကော ရေတွင်းအနက် ပေ(၁၀ဝ၀) အထိ တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


