အမေဇုန်မိုးသစ်တောကဲ့သို့  စိမ်းစိုလှပသည့်  ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

 

သစ္စာ(MNA)

ဓာတ်ပုံ - ဇွဲမာန်

 

မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်နှင့် ရုက္ခဗေဒ ဥယျာဉ်စုစုပေါင်း ၅၉ ခုရှိပြီး အာဆီယံအမွေအနှစ်စာရင်းဝင် ရှစ်ခုရှိသည်။ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အာဆီယံအမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်ပြီး ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားလျက်ရှိရာ သဘာဝ ထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်သည်။

 

ထမံသီဘေးမဲ့တောသည် အမြဲစိမ်းသစ်တောဖြစ်သည်နှင့်အညီ ရာသီမပြတ်စိမ်းစိုလှပလျက်ရှိပြီး နိုင်ငံပေါင်း ကိုးနိုင်ငံကို ဖြတ်သန်းထားသည့် အမေဇုန်မိုးသစ်တောနှင့် ဆင်တူလျက်ရှိသည်။ အမေဇုန်မိုးသစ်တောသည် မြစ်၊ ချောင်းများ ပေါများပြီး ကမ္ဘာ့မိုးသစ်တောများ၏ ထက်ဝက်ကို ကိုယ်စားပြုလျက်ရှိရာ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကို ထိန်းချုပ်ပေးသည်အထိ အမေဇုန်သစ်တောသည် လူသားနှင့်ကမ္ဘာကို အကျိုးပြုလျက်ရှိသည်။

 

နိုင်ငံအတွက်ဂုဏ်ယူဖွယ်

 

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၇၄ ခုနှစ် မေလတွင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်  သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင်ဟုမ္မလင်းမြို့၌ အုပ်ချုပ်ရေးမှူးရုံးကို ဖွင့်လှစ်၍ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည်  ၂၀၁၉ ခုနှစ်  အောက်တိုဘာလ ၈ ရက်နေ့တွင်  အာဆီယံအမွေအနှစ် ဥယျာဉ်ကြီးအဖြစ် အတည်ပြုသတ်မှတ်ခြင်းခံခဲ့ရသည်။

 

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့အတွင်း တည်ရှိပြီး ၅၃၄၅၆ ဧက (၈၃၀ ဒသမ ၄ စတုရန်းမိုင်) ကျယ်ဝန်းသည်။ အဆိုပါ ဘေးမဲ့တောသည် ချင်းတွင်းမြစ်ကြီးဘေးတွင် တည်ရှိပြီး ဘေးမဲ့တော အရှေ့ဘက်မှ တောင်ဘက်သို့ စီးဆင်းနေသည့် ဥရု‌ချောင်းနှင့်လည်း နီးကပ်သည့်အတွက် တောရိုင်းတိရစ္ဆာန်များ ရှင်သန်ပေါက်ပွားရာ သဘာဝဘေးမဲ့ဥယျာဉ်ကြီး တစ်ခုဖြစ်ပြီး ကမ္ဘာ့ရှားပါးတောရိုင်း တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရသည့် ဘင်္ဂလားကျားများရှင်သန် ကျက်စားရာ ဘေးမဲ့တောကြီး တစ်ခုဖြစ်သည့်အပြင် အခြားသော မျိုးသုဉ်းလုနီးတိရစ္ဆာန်များ ရှင်သန်ကျက်စားရာ ဘူမိနက်သန်နေရာ တစ်ခုအဖြစ် တည်ရှိနေခြင်းတို့သည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။

 

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၂ မျိုး၊ ငါး ၆၇ မျိုး၊ ကုန်းနေရေနေ တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ် ရှစ်မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွ ၁၆ မျိုးတို့ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။ အမြဲစိမ်းသစ်တောနှင့် အထက်ရွက်ပြတ် ရောနှောတောစိုဖြစ်၍ ဘေးမဲ့တောသည် ဥတုသုံးလီ စိမ်းစိုလျက်ရှိသည်။

 

နိုင်ငံ၏ရတနာသိုက်များပမာ

 

သဘာဝတောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ရာ တောတောင်များကို ရှင်သန်တည်ထောင်နိုင်မှုသည် သစ်တောထွက် ပစ္စည်းများကို အသုံးပြုနိုင်ခြင်း၊ ဆေးဖက်ဝင်အပင်များမှ ဆေးဝါးများ ထုတ်လုပ်နိုင်ခြင်း၊ သစ်တောအတွင်းရှိ မြစ်ချောင်းအင်းအိုင်နှင့် ရေတံခွန်တို့တွင် ဒေသမျိုးရင်း ငါးမျိုးစိတ်များကို ထိန်းသိမ်း၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ သစ်တောထွက် ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံခြားငွေ ရရှိစေနိုင်မည်ဖြစ်သည်။ ရှားပါးတောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံ၏ဂုဏ်ကို ထုတ်ဖော်ပြသနိုင်ခြင်းဖြစ်ပြီး ဘေးမဲ့တောများ စိမ်းစိုလှပရှင်သန်မှုသည် နိုင်ငံ၏ ရာသီဥတုမျှတမှုကိုလည်း အကျိုးပြုလျက်ရှိရာ ဘေးမဲ့တောများသည် နိုင်ငံ၏ရတနာသိုက်များပင်ဖြစ်သည်။

 

ချင်းတွင်းမြစ်ဘေးတွင် တည်ရှိသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စစ်တမ်းများအရ ဘင်္ဂလားကျားကောင်ရေ ၂၀ ခန့် ကျက်စားနေထိုင်ကြောင်း မှတ်တမ်း တင်ထားသည်။

 

ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှုအပေါ်တွင်မူတည်

 

ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသော ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဧရိယာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး၊ သဘာဝသယံဇာတစီမံခန့်ခွဲမှု တိုးတက်စေရေးနှင့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်‌ရေးတို့သည် အဆိုပါ ဘေးမဲ့တောကြီး၏ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှုအပေါ်တွင် မူတည်လျက်ရှိသည်။

 

သဘာဝအလှကို အနီးကပ်ခံစားတွေ့မြင်နိုင်

 

သဘာဝအခြေခံကောင်းများ ကြွယ်ဝသော မြန်မာနိုင်ငံတွင် ပွင့်လင်းခရီးသွားရာသီ၌ ပြည်တွင်း ပြည်ပမှ ခရီးသွားများ သွားရောက် လည်ပတ်နိုင်ရန် ခရီးသွားဒေသတို့၌ ကြိုတင်ပြင်ဆင်လျက်ရှိပြီး ခရီးစဉ်များအဆင်ပြေစွာ သွားရောက် လည်ပတ်နိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။

 

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရှားပါးငှက်များ ကျက်စားနေထိုင်လျက်ရှိရာ သုတေသနလုပ်ငန်းများဖြင့် လေ့လာနိုင်ခြင်း၊ တောရိုင်းတိရစ္ဆာန်ခြေရာများကို ဗဟုသုတအဖြစ် လေ့လာနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ကြည့်ရှုနိုင်ခြင်း၊ တောတွင်းခရီးစဉ်များ သွားလာနိုင်ခြင်း၊ ဒေသခံ ရှမ်းနီ၊ နာဂတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံတို့ကို လေ့လာနိုင်ခြင်း၊ ထမံသီဘေးမဲ့တောသင်တန်းနှင့် သုတေသနစင်တာတို့တွင် ကြည့်ရှုလေ့လာ လည်ပတ်နိုင်ခြင်းဖြင့် ဘေးမဲ့ တော၏သဘာဝအလှကို အနီးကပ်ခံစား တွေ့မြင်နိုင်မည်ဖြစ်သည်။

 

သွားရောက်လည်ပတ်နိုင်မည့် ခရီးစဉ်တစ်ခု

 

ယခုလာမည့် ခရီးသွားရာသီတွင် သဘာဝအခြေခံခရီးသွားဒေသများကို နှစ်သက်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ လာရောက်လည်ပတ်လိုပါက ရန်ကုန်- မန္တလေး-ခန္တီး လေယာဉ် ခရီးစဉ်မှတစ်ဆင့် ထမံသီဘေးမဲ့တောသို့ကား (သို့မဟုတ်) ချင်းတွင်းမြစ်အတွင်း ပြေးဆွဲသည့် အမြန် ရေယာဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်-မန္တလေး-ဟုမ္မလင်း လေယာဉ် ခရီးစဉ်မှတစ်ဆင့် ထမံသီဘေးမဲ့တောသို့ ကား (သို့မဟုတ်) အမြန်‌ ရေယာဉ်ဖြင့်လည်းကောင်း သွားရောက်လည်ပတ်နိုင်မည် ဖြစ်သည်။