၆ ဇန်နဝါရီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့နှင့်အတူ အရှေ့အလယ်ပိုင်း တင်းမာမှုများ မြင့်တက်လာမှုနှင့်ပတ်သက်ပြီး တယ်လီဖုန်းဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
မက်ခရွန်သည် အမေရိကန်ပြည်ထောင်စုနှင့် စည်းလုံးညီညွတ်မှုရှိကြောင်းကို ပြသခဲ့သည်ဟု ပြင်သစ်သမ္မတရုံးက ဆိုသည်။
အီရန် ဗိုလ်ချုပ်ကြီး ကာဆမ်း ဆိုလန်းမန်နီ အသတ်ခံရသဖြင့် လက်တုံ့ပြန်ခြင်းသည် မတည်ငြိမ်သော အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး အီရန်နိုင်ငံအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်ဟု သတင်းများအရ သိရသည်။
အနောက်တိုင်းဝန်ထမ်းများနှင့် ထောင်ချီရှိသော အပြစ်မဲ့အရပ်သားများ သေဆုံးခြင်းကို ဖြစ်ပေါ်စေသည့် လုပ်ရပ်များတွင် ဆိုလန်းမန်နီသည် အဓိကလုပ်ဆောင်ခဲ့သူဖြစ်ရာ ၎င်းသေဆုံးခြင်းအတွက် ဝမ်းနည်းပူဆွေးမည် မဟုတ်ဟု ဂျွန်ဆင်က ဆိုသည်။
လက်တုံ့ပြန်ရန် တောင်းဆိုမှုအားလုံးသည် ဒေသတွင်း အကြမ်းဖက်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး မည်သူကိုမျှ အကျိုးပြုမည် မဟုတ်ကြောင်းကိုလည်း ဂျွန်ဆင်က ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


