ဝါရှင်တန် ၁၁ ဖေဖော်ဝါရီ
ဖက်ဒရယ်ဘတ်ဂျက်ရရှိရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အစီအစဉ်အချို့အတွက် ပမာဏများပြားသော ဖြတ်တောက်မှုများပါဝင်သည့် လာမည့် အောက်တိုဘာလတွင် စတင်သော ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စီမံချက် တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ဖွင့်ဟလိုက်ပြီဖြစ်သည်။
ဘတ်ဂျက်အဆိုပြုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနသို့ ဒေါ်လာ ၇၀၅ ဘီလီယံ ဘတ်ဂျက်ခွဲဝေပေးမှုနှင့် အတူ စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲမည်ဖြစ်သည်။ သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေများနှင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငွေကြေးအကူအညီပေးအပ်မှုများကို ၂၂ ရာခိုင်နှုန်းအထိ ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ဖြတ်တောက်မည်ဖြစ်သည်။ ယခုနှစ်နှောင်းပိုင်းတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရန် ကြိုးပမ်းစဉ် ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်က “အမေရိကသည်သာ ပထမ” မူဝါဒလမ်းစဉ် ကို ဆက်လက်ကျင့်သုံးမည်ဆိုသော အချက်ပေးမှုပင်ဖြစ်သည်။ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ငွေကြေးပိုမိုထည့်ဝင်ရန် အမေရိကန်နိုင်ငံက မဟာမိတ်နိုင်ငံများကို ဆက်လက်တောင်းဆိုမည်ဖြစ်သည်။
အခွန်ဖြတ်တောက်မှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် ပိုမို ကြီး မားလာခဲ့သည့် ဖက်ဒရယ်လိုငွေပြမှုကို ရှင်းပစ်ရန် ဘတ်ဂျက်စီမံချက်က ၁၅ နှစ် ရည်မှန်းချက်တစ်ရပ် အကြုံပြု လိုက်သည်။ သို့သော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အကြမ်းဖျင်းအားဖြင့် သုံးရာခိုင်နှုန်းသာရှိပြီး လက်ရှိနှုန်းထက် သိသိသာသာ ပိုမိုမြင့်မားမည်ဟု အခိုင်အမာဆိုသည်။
ကိုးကား--အင်န်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


