အမေရိကန်ဇယားထိပ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာသည့် ကေပေါ့တေးအယ်လ်ဘမ်

ဝါရှင်တန်  ၂၉  မေ

 

အကောင်းဆုံး တေးအယ်လ်ဘမ်ပေါင်း ၂၀၀ ကိုသာ ရွေးချယ်ဖော်ပြလေ့ရှိသည့် US Billboard ဇယားထိပ်တွင် တောင်ကိုရီးယားအမျိုးသားအဆိုတော် အဖွဲ့(BTS) နေရာယူလာသည့်အတွက် ဇယားထိပ်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသော ကေပေါ့အနုပညာရှင်များအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။

 

ဂီတဇယားထိပ်နေရာသို့ ရောက်ရှိလာသော အဖွဲ့ဝင် ခုနစ်ဦးပါဝင်သည့် BTS အဖွဲ့၏ တေးအယ်လ်ဘမ်သစ် “ Love Yourself: Tear ” သည် ကိုရီးယားဘာသာဖြင့်အဓိက သီဆိုထားသော တေးအယ်လ်ဘမ်ဖြစ်သည်။

 

အမေရိကန်နိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် မဟုတ်ဘဲ အခြားဘာသာစကားဖြင့် သီဆိုသော တေးသီချင်းကို ဇယားထိပ်ဆုံးတွင် ဖော်ပြခြင်းမှာ နှစ်ပေါင်း ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

 

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက BTS အဖွဲ့ကို ချီးကျူးဂုဏ်ပြုသည့်အကြောင်း တွစ်တာစာမျက်နှာထက်တွင် တနင်္လာနေ့က ရေးသားဖော်ပြခဲ့ပြီး ယင်းအဖွဲ့၏ သီချင်းများ၊ ကကွက်၊ တက်ကြွလှုပ်ရှားမှုများသည် ကမ္ဘာတစ်ဝန်းရှိ လူငယ်များကြား ထိုးဖောက်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

 

အဖွဲ့၏ အောင်မြင်ကျော်ကြားမှုကြောင့် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံစလုံးတွင် မီဒီယာများ၏ အာရုံစိုက်ခြင်းကို ခံနေရပြီး BTS အတွက် မှတ်မှတ်ရရ အောင်မြင်မှုအဖြစ် သတင်းထောက်များက ရေးသားဖော်ပြနေကြသည်။

 

၁၉၆၃ ခုနှစ်က ဂျပန်အဆိုတော် ကရူ ဆာကာမိုတို၏ ဆူကီရာကီ သီချင်းသည် Billboard ၏ အကျော်ကြားဆုံးသီချင်း ၁၀၀ စာရင်းတွင် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

 

ကကွက်များဖြင့် ကျော်ကြားလှသော တောင်ကိုရီးယား အဆိုတော် Psy ၏ Gangnam Style ကေပေါ့တေးအယ်လ်ဘမ်သည်လည်း ၂၀၁၂ ခုနှစ်က ဝင်ငွေအများဆုံး ရရှိသည့် တေးအယ်လ်ဘမ် ၁၀၀ စာရင်းတွင် နံပါတ် ၂ နေရာ ချိတ်ခဲ့သည်။

 

(MDN)
ကိုးကား-NHK