နယူးယောက် ဇန်နဝါရီ ၂၀

ပြီးခဲ့သည့်  သီတင်းပတ်မှစတင်ကာ ပြင်းထန်သည့်  အအေးဒဏ်ရာသီဥတုကြောင့်   နိုင်ငံအတွင်း သေဆုံးသူ   ၄၀ ထက်မနည်း ရှိသည်ဟု  အမေရိကန်မီဒီယာတွင် ဖော်ပြသည်။ အမေရိကန် ပြည်ထောင်စုရှိ နေရာဒေသ တော်တော်များများတွင်  အအေးလှိုင်းဒဏ်‌ကြောင့် အပူချိန်ကျဆင်းမှု၊ နှင်းများ ထူထပ်စွာကျဆင်းမှုနှင့် လေပြင်း များတိုက်ခတ်မှုတို့ ဖြစ်ပေါ်နိုင်သည်ဟု  မိုးလေဝသအရာရှိက သတိပေးထားသည်။

သေဆုံးသူများမှာ  နယူး ယောက်၊ အီလီနွိုက်နှင့် အော်ရီဂွန် ပြည်နယ်တို့မှ  ဖြစ်ကြသည်။ အော်ရီဂွန်ပြည်နယ်  ပို့တ်လန်း တွင် ဇန်နဝါရီ ၁၇ ရက်က ဆီးနှင်းမုန်တိုင်းအတွင်း ကားပေါ်သို့ ဓာတ်ကြိုးပြတ်ကျကာ လူသုံးဦး သေဆုံးခဲ့ရသည်။

၎င်းတို့ကို မော်တော်ကားအတွင်းမှ ထုတ်ယူသည့်အခါ ဓာတ်လိုက်သေဆုံးနေသည်ဟု ယူဆရကြောင်း မီးသတ်ဌာနကပြောသည်။ လမ်းများမှာလည်း ရေခဲများနှင့် ဖုံးလွှမ်းနေပြီး လူသွားစင်္ကြံများမှာလည်း နှင်းများဖြင့် ပြည့်နေသဖြင့် အဆိုပါနေရာတွင် လမ်းလျှောက်သွားရန်ပင် မလွယ်ကူဟု သတင်းများတွင် ဖော်ပြထားသည်။

အေးခဲသည့် အအေးဒဏ်ကြောင့် အီလီနွိုက်ပြည်နယ်ရှိ လျှပ်စစ်ကားပိုင်ရှင်များ အခက်ကြုံနေရသည်။ အအေးဒဏ်ကြောင့် ဘက်ထရီကုန်သွားသဖြင့် အချို့ကားများ သောင်တင်နေကြရသည်။

အားသွင်းရုံ များတွင်လည်း ကားတန်းရှည်ကြီးဖြင့် အားသွင်း နိုင်ရန် စောင့်ဆိုင်းနေကြသည်ကို တွေ့မြင်ရသည်။ ယခု သီတင်း ပတ်အတွင်း နေရာတော်တော်များများတွင် ရေခဲနေသည့်လမ်းများနှင့် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုနှင့် ကြုံတွေ့ရဦးမည်ဟု မိုးလေဝသအရာရှိများက သတိပေးထားသည်။

အင်န်အိတ်ချ်ကေ