အမေရိကန်နိုင်ငံ၌ ကျောင်းကြိုပို့ကားနှင့်သဲကားတိုက်မိသဖြင့် ကလေးသုံးဦးနှင့်လူကြီးနှစ်ဦးသေဆုံး

မတ် ၁၂

အမေရိကန်နိုင်ငံ Illinois ပြည်နယ် မြို့တော် Springfield၏ အနောက်မြောက်ဘက် ၉၁ ကီလိုမီတာအကွာခန့် Rushville မြို့ရှိ အဝေးပြေးလမ်းပေါ်တွင် ယမန်နေ့က ကျောင်းကြိုပို့ကားတစ်စီးသည် သဲကားတစ်စီးနှင့်တိုက်မိခဲ့ရာ ကလေးသုံးဦးနှင့်လူကြီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါယာဉ်တိုက်မှုသည်  ယမန်နေ့မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်ဟု Illinois ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။ ထိုကားနှစ်စီးတိုက်မိပြီး ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းကြိုပို့ကားပေါ်ပါ ဒရိုင်ဘာအပါအဝင် ငါးနှစ်အရွယ်ကလေးတစ်ဦးနှင့် သုံးနှစ်အရွယ်ကလေးနှစ်ဦး၊ သဲတင်ကား ဒရိုင်ဘာတို့ ငါးဦးယင်းနေရာမှာပင် သေဆုံးခဲ့သည်ဟု သိရသည်။ မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို