အမေရိကန်နိုင်ငံ၌ လေဆင်နှာမောင်းများတိုက်ခတ်မှုကြောင့် ငါးဦးသေဆုံး၊ ဒဏ်ရရရှိသူအများအပြားရှိ

ဩဂုတ် ၂၈

အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်း မီချီဂန်ပြည်နယ်ရှိ ဒေသငါးခုတွင် လေဆင်နှာမောင်းများတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်၊ ပျက်စီးမှုများပြားပြီး ငါးဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဩဂုတ်လ ၂၆ ရက်က ဖော်ပြထားသည်။

ထိုပြည်နယ်၏မြို့တော်တွင် ဩဂုတ်လ ၂၄ ရက်ညပိုင်းက တစ်နာရီ ၁၂၅ မိုင်ဖြင့် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

မီချီဂန်အနောက်ပိုင်းတွင် ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မှုကြောင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် တစ်နှစ်နှင့်သုံးနှစ်အရွယ် မိန်းကလေးနှစ်ဦးတို့ သေဆုံးခဲ့သည်။

မီချီဂန်ပြည်နယ်မြို့တော် လန်စီ၏အရှေ့တောင်ဘက် အင်ဂမ်ဒေသရှိ အဝေးပြေးလမ်းမတစ်ခုတွင် မော်တော်ယာဉ် ၂၅ စီးကျော် အစုအပြုံလိုက်ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးကြောင်းအတည်ပြုထားပြီး လူအများအပြား ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

အဆိုပါမုန်တိုင်းများတိုက်ခတ်မှဒကြောင့် လျှပ်စစ်ဓါတ်အားသုံးစွဲသူ ၃၉၀၀၀၀ ကျော် ဓါတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။

မီချီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရတ်ချန်ဝစ်မာက ဝေနီနှင့် မွန်ရိုဒေသများတွင် ဩဂုတ်လ ၂၅ ရက်က အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို