အောက်တိုဘာ ၅

အမေရိကန်နိုင်ငံ အွန်ရီဂွန်ပြည်နယ် နယူးဘတ်မြို့ရှိ နေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ညနေပိုင်းက လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူများကပြောကြားသည်။

အဆိုပါလေယာဉ်ငယ်သည်  Portland မြို့၏အနောက်တောင်ဘက် ၃၀ ကီလိုမီတာခန့်အကွာ နယူးဘတ်မြို့ရှိ North Cedar လမ်းအနီး မြေပြင်ပေါ်သို့ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများကပြောကြားသည်။

မီးသတ်သမားများက ယင်းလေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး ထိုလေယာဉ်ထဲတွင် နှစ်ဦးသေဆုံး နေသည်ကို တွေ့ရှိခဲ့သည်။

ပျက်ကျလေယာဉ်အတွင်းမှ ဒဏ်ရာပြင်းထန်စွာရရှိသူတစ်ဦးကို မီးသတ်သမားများက ကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင် ပေးခဲ့သည်။

ထိုလေယာဉ်သည် လူနေအိမ်တစ်လုံး၏ခေါင်မိုးကိုဝင်တိုက်မိရာ နေအိမ်အတွင်းရှိလူများသည် ဒဏ်ရာရရှိခြင်းမရှိပဲ ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ခဲ့သည်။ မြေပြင်ပေါ်ရှိတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်းမရှိကြောင်း ဖော်ပြထားသည်။

တာဝန်ရှိသူများက လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး အဖွဲ့သုံးဖွဲ့ဖြင့်စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို