အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ရှိ တိုက်ခန်းအတွင်းကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်းပျက်ကျမှုကြောင့် နှစ်ဦးသေဆုံး

ဩဂုတ် ၂၉

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဖော့တ်လော့ဒါလီ မြို့အနီးရှိ တိုက်ခန်းအတွင်း ယမန်နေ့မနက်ပိုင်းက မီးသတ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် နှစ်ဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

ထိုရဟတ်ယာဉ်ပျက်ကျမှုကြောင့် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသော အသက် ၅၀ အရွယ်ရှိ ဘိုဝဒ်ခရိုင် ရှာရစ်မီးသတ်ဌာနအကြီးအကဲ တာရီစန်ဂျက်စန်နှင့် ထိုတိုက်ခန်းတွင် နေထိုင်သောအမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။

အဆိုပါရဟတ်ယာဉ်သည် ဖော့လော့ဒါလီမြို့မြောက်ပိုင်းရှိ လေယာဉ်ကွင်းအနီးတွင် ယမန်နေ့မနက် ၈ နာရီ ၄၆ မိနစ်ခန့်က ပျက်ကျခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပေါ်ပါနှစ်ဦးနှင့် ဒေသခံနှစ်ဦးတို့အပါအဝင် ဒဏ်ရာရရှိသူလေးဦးသည် အသက်အန္တရာယ်မစိုးရိမ်ရကြောင်းနှင့် ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ကပြောသည်။

ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ထိုအေဂျင်စီနှင့် အမျိုးသားလေကြောင်ပို့ဆောင်ရေးဘေးကင်းလုံခြုံရေးအဖွဲ့သည် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသပြန်-မြင့်မြင့်ချို