အမေရိကန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးသံတမန်အဖြစ် အက်ရှင်မင်းသား စတီဗင် ဆေးဂဲလ်အား ခန့်အပ်

မော်စကို ၇ သြဂုတ်

 

အမေရိကန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရုရှားနိုင်ငံ၏ အထူးသံတမန်အဖြစ် အမေရိကန် အက်ရှင်မင်းသား စတီဗင် ဆေးဂဲလ်အား ခန့်အပ်လိုက်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် စာမျက်နှာတွင် ပြီးခဲ့သည့် စနေနေ့က ထုတ်ပြန်ဖော်ပြလိုက်သည်။

 

အမေရိကန်နှင့် ရုရှားနိုင်ငံကြား  ယဉ်ကျေးမှု၊ အနုပညာ၊ လူထုနှင့် လူငယ်များအကြား ဖလှယ်မှု အခန်းကဏ္ဍများအပါအဝင် အခြားလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာနယ်ပယ်များတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ခန့်အပ်ခြင်းဖြစ်ကြောင်း သိရသည်။ စတီဗင်ဆေးဂဲလ်ဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်းနှင့် ၁၉၉၀ အစောပိုင်းကာလများက “Under Siege”၊   “Above the law” အစရှိသည့် ရုပ်ရှင်ဇာတ်ကားများနှင့် အောင်မြင်ကျော်ကြားခဲ့ပြီး ယခုချိန်ထိ ဥရောပ အရှေ့ပိုင်းတွင် လူသိများသည့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။

 

၂၀၁၆ ခုနှစ်မှာ ရုရှားနှင့် ဆာဗီးယား နိုင်ငံသား အဖြစ် နိုင်ငံသားခံယူခွင့် ရရှိခဲ့သူဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ထောက်ခံအားပေးသည့် အနုပညာရှင် တစ်ဦးဖြစ်သည်။

 

၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံက ကရိုင်းမီးယားကျွန်းဆွယ်ကို ဝင်ရောက်သိမ်းပိုက်စဉ်ကလည်း သမ္မတ ဗလာဒီမာ ပူတင်အား အင်အားကြီးမားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု စတီဗင် ဆေးဂဲလ်က အားပေးထောက်ခံခဲ့သည့်အပြင် ပင်လယ်နက် ကျွန်းဆွယ်ကို တိုက်ခိုက်အောင်မြင်ခဲ့ခြင်းအပေါ် ၎င်း၏ တေးဂီတအဖွဲ့နှင့်ပါ ဖျော်ဖြေတင်ဆက်ခဲ့သူ ဖြစ်သည်။

 

သမ္မတ ပူတင်ကလည်း စတီဗင်ဆေးဂလ်ကို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လေးကြိမ်မြောက် သမ္မတအဖြစ်  ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့ပြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ ၎င်းကို အထူးသံတမန်အဖြစ် ခန့်အပ်ရာမှာ လစာပေးသွားမှာ မဟုတ်ဘဲ ဂုဏ်ထူးဆောင် အထူးသံတမန် အခန်းကဏ္ဍအတွက်သာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

SMZaw (MDN)

Source > AFP