ခြူးစန္ဒီနွေး
လွန်ခဲ့တဲ့လတွေအတွင်း ဆော်ဒီအာရေဗျနိုင်ငံအတွင်းကို ရည်ရွယ်ပြီး ပစ်ခတ်တဲ့ ဒုံးကျည်တွေ၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ကြုံလာရပါတယ်။ ဆော်ဒီရေနံချက်စက်ရုံ နှစ်ရုံကို လက်နက်ကြီး ထိမှန်ပြီးတဲ့နောက်မှာတော့ ဆော်ဒီအိမ်ရှေ့မင်းသားဟာ ဒေသတွင်းက သူ့ရဲ့ရန်သူတွေနဲ့ဆက်ဆံရေးကို တစ်မျိုးတစ်မည် ပြောင်းလဲလာအောင် လုပ်ဆောင်လာပါတယ်။
တိုက်ရိုက်ဆွေးနွေး
ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျ ပါဝင်လာတာဟာဆိုရင်လည်း လေးနှစ်နီးပါး ရှိလာပါပြီ။ အခုဆိုရင်တော့ ဆော်ဒီအိမ်ရှေ့မင်းသားဟာ ယီမင်နိုင်ငံက ဟူသီသူပုန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ဖို့ စတင်လာပါပြီ။ ဆော်ဒီဘက်ကရော ဟူသီဘက်ကပါ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေ လျော့ကျလာဖို့အတွက် ရည်ရွယ်ပြီး တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ယီမင်ပြည်တွင်းစစ်ပွဲမှာ ပါဝင်ခဲ့ပြီး လေးနှစ်အကြာမှာတော့ ဆော်ဒီအိမ်ရှေ့ မင်းသားဘက်က သဘောထား ပျော့ပျောင်းမှုတွေကို စတင်ပြသလာတာပဲ ဖြစ်ပါတယ်။ နောက်ပြီးဒေသတွင်းမှာ အမြဲလိုလို ရန်ဘက်ဖြစ်နေတဲ့ အီရန်နဲ့တောင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပဋိပက္ခလျော့ကျဖို့ကြိုးပမ်း
ဒေသတွင်းမှာ လောင်မြိုက်နေတဲ့ စစ်မီးလျော့ကျသွားစေဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းကနေ ဆွေးနွေးညှိနှိုင်းမှုလမ်းစဉ်ကို ပြောင်းလဲလာတဲ့နောက် ဒါဟာ ဘာကြောင့်လဲ ဆိုတာကို သုတေသီတွေက ဝေဖန်မှုပြုလာပါတယ်။ အဲဒါကတော့ ဆော်ဒီ ရေနံချက်စက်ရုံနှစ်ရုံ တိုက်ခိုက်ခံရတာက စတာပါပဲ။ အမေရိကန်ဟာ ဆော်ဒီ ရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်ခံရမှုကနေ ဒီထက်ပိုပြီး အကာအကွယ်ပေးနိုင်ပါဦးမလားဆိုပြီး သံသယ ဝင်လာတာကြောင့်ပါပဲ။ စက်တင်ဘာ ၁၄ ရက်က ရေနံစက်ရုံနှစ်ရုံ တိုက်ခိုက်ခံရမှုနောက်ကွယ်မှာ အီရန်ရှိတယ်ဆိုပြီး အမေရိကန်နဲ့ ဆော်ဒီတို့ယူဆခဲ့ကြပါတယ်။ ဆော်ဒီဘက်က ကြည့်မယ်ဆိုရင် သူတို့ဟာ ဒေါ်လာဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကို အမေရိကန်လက်နက်တွေ ဝယ်ယူဖို့ အသုံးပြုခဲ့ကြပါတယ်။ ၁၉၇၃ ခုနှစ်ကတည်းက လက်နက်တွေ ဝယ်ယူခဲ့တာ အမေရိကန်ဒေါ်လာ ၁၇ဝ ဘီလီယံ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်က အကူအညီကတော့ သူတို့ထင်သလောက် ပြန်မရခဲ့ပါဘူး။
စိုးရိမ်မှုတွေဖြစ်ပေါ်လာ
သဘောထားတင်းမာပြီး ခန့်မှန်းရခက်တဲ့ အိမ်နီးချင်းတွေနဲ့ ရင်ဆိုင်ရာမှာ ဆော်ဒီဟာ ကိုယ့်ဘာသာကိုယ်ပဲ ရင်ဆိုင်ရမှာကို စိုးရိမ်လာပါတယ်။ ဒါကြောင့်မို့ ဆော်ဒီဟာ ရန်သူတွေနဲ့ ပဋိပက္ခ အရှိန်လျှော့ချနိုင်ရေး တိတ်တဆိတ်ပဲ ဆောင်ရွက်နေတယ်လို့ သုတေသီတွေက ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်က ရေနံချက်စက်ရုံနှစ်ရုံ တိုက်ခိုက်ခံရမှုကို ပြန်ကြည့်မယ်ဆိုရင် ဒါဟာ ပင်လယ်ကွေ့သမိုင်းမှာ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေမယ့် တိုက်ခိုက်မှုတစ်ခုလို့ပဲ မြင်တယ်လို့ လန်ဒန်မြို့ ကင်းကောလိပ်မှ ပညာရှင်တစ်ဦးဖြစ်သူ ဒေးဗစ်ဘီရောဘတ်က ပြောပါတယ်။ ဆော်ဒီအာရေဗျက ရေနံစက်ရုံတွေကို အမေရိကန်က အကာအကွယ် ပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် တစ်စစီ ပြိုပျက်သွားသလိုပါပဲ၊ ညှိနှိုင်းမှုတွေ ပိုပြီးလုပ်သင့်တယ်ဆိုတာကို ဆော်ဒီဘက် က သဘောပေါက်လာတယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်ရဲ့သဘောထား
အမေရိကန်ဘက်က ကြည့်မယ်ဆိုရင်လည်း ထရမ့်အစိုးရအဖွဲ့နဲ့ လွှတ်တော်အတွင်းမှာ ယီမင်စစ်ပွဲမှာ ဆော်ဒီရဲ့ ပါဝင်ပတ်သက်မှုကို ရပ်တန့်ဖို့ ဖိအားပေးနေတာ ကြာပါပြီ။ နောက်ပြီးဆော်ဒီကိုကာတာနဲ့ ဆက်ဆံရေးပြန်ပြီး ပြေလည်စေချင်နေပါတယ်။ ဒီအတွက်လည်း သမ္မတ ထရမ့်အစိုးရက ဖိအားပေး လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အိမ်ရှေ့မင်းသားမိုဟာမက် ဘင်ဆယ်လ်မန် အာဏာရလာပြီးတဲ့နောက် ဆော်ဒီရဲ့ နိုင်ငံခြားရေးရာမူဝါဒဟာ ပိုပြီးတော့ရန်လိုလာပါတယ်။ သူ့ကြောင့်ပဲ ဆော်ဒီဟာ ယီမင်ပြည်တွင်း စစ်အတွင်းမှာ ပါဝင်လာခဲ့ပါတယ်။ နောက်ပြီး ကာတာနိုင်ငံကို ဒေသတွင်း နိုင်ငံတွေက အဆက်အသွယ်ဖြတ်တောက်ပြီး သပိတ်မှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။
မတည်မငြိမ်မှုဖြစ်ရ
ငယ်ရွယ်တဲ့ အိမ်ရှေ့မင်းသားဟာ ခေါင်းမာပြီး တစ်ဇွတ်ထိုးဆန်တယ်။ ဒေသတွင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်လာစေတယ်ဆိုပြီးလည်း ဝေဖန်ကြပါတယ်။ နောက်ပြီး ကာတာနိုင်ငံကို ပယ်ထားမှု၊ ယီမင်စစ်ပွဲမှာ ပါဝင်မှုတွေဟာလည်း မျှော်မှန်းထားတဲ့ရလဒ်တွေ မရခဲ့ပါဘူး။ ယီမင်စစ်ပွဲကြောင့် ကုန်ကျ စရိတ်များရသလို ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခ ဖြစ်လာခဲ့တယ်။ ကာတာနိုင်ငံကတော့ သူ့အပေါ် ဝိုင်းဝန်းပိတ်ဆို့မှုကို ဖယ်ရှားဖို့အတွက် နိုင်ငံရဲ့ ငွေကြေးကြွယ်ဝမှုနဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးကို အသုံးချခဲ့ပါတယ်။ ရေနံတွင်းဆိုတာက ဆော်ဒီနိုင်ငံရဲ့ စီးပွားရေးရတနာတစ်ခုပါပဲ။ ရေနံလုပ်ငန်းကို တိုက်ခိုက်ခံရတဲ့အခါမှာတော့ ဆော်ဒီနိုင်ငံအတွက် ထိခိုက်မှုဖြစ်လာစေခဲ့ပါတယ်။ နောက်ပြီး ဒီလိုတိုက်ခိုက်ခံရမှုအပေါ် အမေရိကန်ဘက်က သိပ်ပြီး အရေးတယူ မပြုတဲ့အခါမှာတော့ ပိုပြီးစိုးရိမ်စိတ်ဝင်လာခဲ့ပါတယ်။
ဂုဏ်သိက္ခာကျဆင်းနေ
အမေရိကန်သမ္မတအဆက်ဆက် ဆော်ဒီနိုင်ငံရဲ့ ရေနံတင်ပို့မှုကို ကမ္ဘာ့စီးပွားရေး၊ အမေရိကန်ရဲ့ အကျိုးစီးပွားဆိုပြီး ရှုမြင်ခဲ့ကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အလုပ်လုပ်ခဲ့စဉ်ကာလအတွင်း အဓိကတာဝန်ကတော့ ရေနံလွတ်လပ်စွာ စီးဆင်းမှုကို အကာအကွယ်ပေးဖို့ပဲလို့ နိုင်ငံခြားဆက်ဆံရေး ကောင်စီက ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာစတီဗင်ကွတ်က ပြောပါတယ်။ ဆော်ဒီမှာ တိုက်ခိုက်ခံရတဲ့နောက် အမေရိကန်သမ္မတ ထရမ့်က အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဆော်ဒီကို စေလွှတ်ခဲ့ပါတယ်။ ပက်ထရီယော့ဒုံးကျည်စနစ်ကို မောင်းနှင်ဖို့ပါပဲ။ သမ္မတ ထရမ့်ဟာ သမ္မတဟောင်း ဘားရက်အိုဘားမားထက်ပိုပြီး ဆော်ဒီနဲ့ နီးကပ်မှုရှိပါတယ်လို့ ဒေါက်တာကွတ်က ပြောပါတယ်။ ယီမင်စစ်ပွဲကြောင့်ရော ကာတာနိုင်ငံကို ပိတ်ဆို့မှုအတွက်ပါ ဆော်ဒီရဲ့ ဂုဏ်သိက္ခာဟာ အမေရိကန်မှာကျဆင်းနေပါတယ်။ နောက်ပြီးဆော်ဒီတော်ဝင် မိသားစုအကြောင်းကို ဝေဖန်စာတွေရေးသားတဲ့ ဂျာနယ်လစ်ဂျမားခါရူဂီကို လွန်ခဲ့တဲ့နှစ်အတွင်းက အစ္စတန်ဘူလ်မြို့မှာ ဆော်ဒီအေးဂျင့်တွေက သတ်ဖြတ် သွားတဲ့အခါမှာတော့ ဆော်ဒီရဲ့ ဂုဏ်သိက္ခာ ပိုပြီးကျဆင်းခဲ့ရပါတယ်။
ထရမ့်ကတော့ ဆက်လက်ထောက်ပံ့ဆဲ
အမေရိကန်လွှတ်တော်အတွင်းမှာ ဆော်ဒီနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ များနေချိန်မှာ သမ္မတထရမ့်ကတော့ ဆော်ဒီအပေါ် ဆက်လက်ထောက်ပံ့ နေဆဲပါပဲ။ အာရပ်ကမ္ဘာမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံ ဖြစ်တာကြောင့်ရော အမေရိကန်က လက်နက်တွေကို ဝယ်ယူတဲ့ အဓိက ယုံကြည် စိတ်ချရတဲ့နိုင်ငံဖြစ်တဲ့အတွက်ပါ သမ္မတထရမ့်ကတော့ ဆော်ဒီဘက်ကနေ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
ရွေးကောက်ပွဲနီးလာ
ဒါပေမယ့် အမေရိကန်ရွေးကောက်ပွဲဟာလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ တကယ်လို့များ သမ္မတထရမ့်သာ နောက်တစ်ကြိမ် ပြန်ပြီး ရွေးကောက်မခံရဘူးဆိုရင် နောက်တက်လာမယ့် သမ္မတသစ်ရဲ့ သဘောထားက ဘယ်လိုရှိမယ်မှန်း မသိနိုင်ပါဘူး။ ထရမ့်လို ဆော်ဒီဘက်က ရပ်တည်ပေးချင်မှလည်း ပေးမှာပါ။ ဒါကြောင့် ဆော်ဒီဟာ အခုအချိန်မှာတော့ ဒေသတွင်းက ရန်ဘက်တွေနဲ့ အရင်လို ထိပ်တိုက်ရင်ဆိုင်တာထက်စာရင် ဆွေးနွေးညှိနှိုင်းပြီး ပဋိပက္ခတွေကို လျှော့ချတဲ့နည်းလမ်းက ပိုပြီးအဆင်ပြေလာနိုင်ဖွယ် ရှိပါတယ်။
အနိုင်ယူဖို့မလွယ်ကူ
နောက်ပြီးတော့ ဆော်ဒီရဲ့ အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ ယူအေအီးနိုင်ငံကလည်း ပြီးခဲ့တဲ့ဇွန်လအတွင်းကပဲ ယီမင်နိုင်ငံက သူ့ရဲ့ တပ်ဖွဲ့တွေကို ပြန်ပြီး ရုပ်သိမ်းသွားခဲ့ပါတယ်။ နောက်ပြီး ဆော်ဒီနဲ့ ယူအေအီးနိုင်ငံတို့အကြား သဘောထားကွဲလွဲမှုလေးတွေလည်း ရှိလာပါတယ်။ အကုန်အကျများလှတဲ့ ယီမင်စစ်ပွဲအတွင်းမှာ ဆော်ဒီကိုပဲ ချန်ရစ်ထားခဲ့ရင်တော့ အနိုင်ရရှိဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ။
ကိုးကား -နယူးယောက်တိုင်းမ်


