ထွန်းသစ်စ
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်- ၁၉ ဖြစ်ပွားသူပေါင်းဟာ အခုဆိုရင် ခြောက်သန်းနီးပါး ရောက်ရှိလာပါပြီ။ ဒါဟာ ကမ္ဘာကိုဗစ်- ၁၉ ကူးစက်ခံစားနေရသူစုစုပေါင်းရဲ့ လေးပုံတစ်ပုံလောက် ရှိပါတယ်။ ကမ္ဘာ့နိုင်ငံတွေဟာ အရှိန်ကောင်းကောင်းနဲ့ပျံ့နှံ့နေတဲ့ ကိုဗစ်- ၁၉ ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အကြိတ်အနယ် ကြိုးစားလျက်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံတွေဟာ ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်ဖို့ နိုင်ငံအသီးသီးက တင်းကျပ်တဲ့မူဝါဒတွေ ချမှတ်အကောင်အထည် ဖော်နေတဲ့အချိန်မှာတောင် ကမ္ဘာ့ကိုဗစ်- ၁၉ အတည်ပြုလူနာပေါင်းဟာ အခုဆိုရင် ၂၅ သန်း ကျော်လွန်လာပြီဖြစ်ပါတယ်။
ကမ္ဘာ့ကိုဗစ်- ၁၉ ဖြစ်ပွားမှုအဆိုးဆုံးနိုင်ငံ
ဇူလိုင်လလယ်လောက်ကစပြီး ကမ္ဘာတစ်ဝန်း ပျမ်းမျှအားဖြင့် ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့သူပေါင်းဟာ လေးရက်ကိုတစ်ကြိမ် တစ်သန်းကျော်လောက် ရှိခဲ့တယ် လို့ အေအက်ဖ်ပီစာရင်းတွေအရ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ တစ်နေ့တည်း ကိုဗစ်- ၁၉ အတည်ပြုလူနာ အရေအတွက်ဟာ ၇၈၇၆၁ ဦးအထိ ရောက်ရှိခဲ့ပြီး အမြင့်ဆုံးစံချိန် တင်ခဲ့ပါတယ်။ ။
ကမ္ဘာ့ကိုဗစ်- ၁၉ ဖြစ်ပွားမှုအဆိုးဆုံးနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဩဂုတ် ၃၁ ရက်က ကိုဗစ်- ၁၉ အတည်ပြု လူနာအရေအတွက်ဟာ ၅ ဒသမ ၉၉ သန်းအထိ ရောက်ရှိခဲ့တယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ ထို့အတူပဲ ကိုဗစ်-၁၉ကြောင့် သေဆုံးတဲ့ အရေအတွက်ဟာလည်း ၁၈၃၀၀၀အထိ ရက်ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်သုံးပတ်လောက်မှာ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့ ဖြစ်သူအရေအတွက်ဟာ ငါးသန်းကျော်အထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ လေးသန်းကျော်အထိ ရောက်ရှိလာပြီးနောက် ၁၇ ရက်ကျော်အကြာမှာ ငါးသန်းကျော်အထိ တိုးလာခဲ့တဲ့ပမာဏပဲ ဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က သူ့ရဲ့စာရင်းတွေမှာ ဆက်လက်ဖော်ပြထားပါတယ်။
အမေရိကန်စီးပွားရေးကို ခက်ခဲမှုတွေဖြစ်စေ
ကိုဗစ်- ၁၉ ကြောင့် ကမ္ဘာ့အင်အားကြီးဖြစ်တဲ့ အမေရိကန်စီးပွားရေးကို ခက်ခဲမှုတွေ ဖြစ်စေပါတယ်။ ထို့အတူ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရရေး မျှော်လင့်ချက်ကိုလည်း အရိပ်မည်းသဏ္ဌာန် လွှမ်းမိုးလို့လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုကို လျှော့ချထိန်းချုပ်ဖို့ ကြီးမားတဲ့ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေး အကြီးအကဲ စတီဖင်ဟန်း က ဘေးအန္တရာယ်ကင်းပြီး အကျိုးအာနိသင် ထက်မြက်မှုရှိတယ်လို့ အတည်ပြုလိုက်တဲ့ အချိန်အထိ စောင့်မနေဘဲအောင်မြင်မယ်လို့ ပြောရခက်နေသေးတဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အရေးပေါ် ခွင့်ပြုပေးဖို့ တင်ပြခဲ့ပါတယ်။ ။
ဇွဲနပဲကြီးတဲ့ ရန်သူတော်ကြီး
နယူးဇီလန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ကူးစက်မှုကို ယခင်က ထိန်းချုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် ပြန်လည်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်-၁၉ ဟာ ဇွဲနပဲကြီးတဲ့ ရန်သူတော်ကြီးအဖြစ် သက်သေပြခဲ့တယ်ဆိုတာ ငြင်းမရနိုင်ခဲ့ပါဘူး။
တခြးကမ္ဘာ့အခြမ်းဖြစ်တဲ့ လက်တင်အမေရိကဟာ ကိုဗစ်- ၁၉ အထိခိုက်ဆုံး ကမ္ဘာ့ဒေသတစ်ခုဖြစ်ခဲ့ပြီး အခု အချိန်အထိ သူ့ရဲ့ပထမလှိုင်းကို ကြိုးစားအန်တုနေရတုန်း ရှိပါသေးတယ်။ ဘရာဇီးမှာဆိုရင်လည်း ကိုဗစ်-၁၉ကြောင့် သေဆုံးခဲ့တဲ့သူအရေအတွက်ဟာ ၁၂၀၀၀၀ ကို ကျော်လွန်ခဲ့ပြီးတော့ ကိုဗစ်- ၁၉ ကူးစက်မှု အမြင့်မားဆုံးနိုင်ငံတွေ စာရင်းမှာ အမေရိကန်ပြီးရင် ဒုတိယနေရာမှာ ရပ်တည် လျက်ရှိပါတယ်။
ကမ္ဘာတစ်ဝန်းကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေဟာ အခုဆိုရင် ၈၅၅၀၀၀ နီးနီး ရောက်ရှိလာပြီဖြစ်ပါတယ်။ သို့သော်လည်း ကာကွယ်ဆေး သို့မဟုတ် ထိရောက်တဲ့ ကုသမှုတွေ အခုအချိန်အထိ မရှိသေးပါဘူး။
ကမ္ဘာ့အစိုးရတွေ ကိုဗစ်- ၁၉ ထိန်းချုပ်ရေး နည်းလမ်းတွေကို တင်းကျပ်
ကမ္ဘအစိုးရတွေကလည်း ကိုဗစ်-၁၉ကူးစက်ပျံ့နှံ့မှုက ထိန်းချုပ်ဖို့ လူမှုဝေးကွာ နေထိုင်ရေး နည်းလမ်းတွေကို လိုက်နာကြဖို့နဲ့ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေကို တင်းကျပ်စွာ ချမှတ် အကောင်အထည် ဖော်လျက်ရှိပါတယ်။
ပါးစပ်နှာခေါင်းစည်းကို အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာတွေမှာ သြဂုတ် ၃၁ ရက်ကစပြီး တပ်ကို တပ်ဆင်ရမယ်ဆိုတဲ့ အမိန့်တစ်ရပ်ကို နယူးဇီလန်နိုင်ငံမှာ ပြဋ္ဌာန်းခဲ့တဲ့အတွက် ဆန္ဒပြမှုတွေအထိတောင် ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှာ အခုမှဖြစ်ပေါ်လာတဲ့ ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုမတိုင်မီ ရက်ပေါင်း ၁၀၀ ကျော် အထိ ပြည်တွင်းကူးစက်ပျံ့နှံ့မှု မရှိခဲ့ပါဘူး။
နိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်လောက် နေထိုင်တဲ့ ဆိုးလ်မြို့ပတ်ဝန်းကျင်မှာ ကိုဗစ်-၁၉ ကူးစက်မှုအသစ်တွေ ဖြစ်ပေါ်နေတဲ့အတွက် တင်းကျပ်တဲ့ ကိုဗစ်-၁၉ ထိန်းချုပ်မှုတွေကို တောင်ကိုရီးယားနိုင်ငံမှာ ဩဂုတ် ၃၀ ရက်က စတင်ခဲ့ပါတယ်။
အီရတ်နိုင်ငံမှာလည်း ထောင်သောင်းမကတဲ့ ရှီးယိုက်ဘုရားဖူးတွေအားလုံး လက်အိတ်နဲ့ ပါးစပ် နှာခေါင်းစည်းတွေ ဝတ်ဆင်ပြီး မြင့်မြတ်တဲ့ ကာဘာလာ မြို့မှာ ဘာသာရေး အထိမ်းအမှတ်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဘာသာတရား ကိုင်းရှိုင်းသူတွေ သန်းချီလာရောက်လေ့ ရှိသော်လည်း ဒီနှစ်မှာတော့ ချုပ်တည်းပြီး အနည်းစုနဲ့သာပြီးဆုံးခဲ့ကြပါတယ်။
အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေကို ဆန့်ကျင်မှုတွေရှိ
ကိုဗစ်-၁၉ ကူးစက်မှုဟာ မနှစ်မြို့ဖွယ် အရေအတွက်တွေ တိုးလာသော်လည်း စီးပွားရေး အရှုံးပေါ်လာတဲ့အတွက် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးတို့ကို ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာ ဆန့်ကျင်လျက်ရှိပါတယ်။
ဘာလင်မှာ ဩဂုတ် ၂၉ ရက်က ကိုဗစ်- ၁၉ ကန့်သတ်ပိတ်ဆို့မှုတွေကို ဆန့်ကျင်ဖို့ လူတွေစုဝေးခဲ့ကြပါတယ်။ သို့သော်လည်း ရဲတွေက နောက်ဆုံးမှာ ဟန့်တားနိုင်ခဲ့ပါတယ်။ ဆန္ဒပြသူအများစုဟာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေထိုင်ရမယ့် စည်းမျဉ်းတွေကို လေးစားမှုမရှိခဲ့ပါဘူး။
ဆန္ဒပြသူတွေဟာ ဂျာမနီအလံကြီးကို ဝှေ့ယမ်းကာ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်အား ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ အလားတူဆန္ဒပြမှုတွေဟာ လန်ဒန်နဲ့ ဇူးရစ်တို့မှာလည်းဖြစ်ပွားခဲ့ပါတယ်။
စီးပွားရေးနဲ့ လူမှုရေးတွေကို ကမောက်ကမဖြစ်
ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ စီးပွားရေးနဲ့ လူမှုရေးတွေကို ကမောက်ကမဖြစ်စေပါတယ်။ အားကစားနဲ့ ဂီတမှစကာ နိုင်ငံရေးနဲ့ ဘာသာရေးအထိ လူစုလူဝေး ပြုလုပ်တာတွေကို တားမြစ်ကန့်သတ်ထားပါတယ်။
စပိန်နိုင်ငံမှာလည်း ဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာ လေ့ကျင့်ရေးကွင်း အတွက် ကိုဗစ်-၁၉ စစ်ဆေးခြင်းနဲ့ လွဲချော်ခဲ့ရတယ်လို့ ကလပ်သတင်းရင်းမြစ်မှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ စစ်ဆေးခြင်းမရှိဘဲ မက်ဆီအနေနဲ့ သူ့ရဲ့ ကစားဖော် တွေနဲ့ ကစားနိုင်မှာမဟုတ်ပါဘူး။
ထို့အပြင် ပွဲကြည့်ပရိသတ်အများအပြား လက်ခံကျင်းပမယ့် ကမ္ဘာ့ထိပ်တန်းအားကစား၊ ယဉ်ကျေးမှုနဲ့ သီချင်းဖျော်ဖြေပွဲတွေဟာ ကိုဗစ်-၁၉ ကူးစက်မှုလျှော့ချမှုတွေရဲ့ကြားမှာ ဘယ်လိုမျိုး ဖြတ်သန်း ကျော်လွှားဖို့ ကြိုးစားရဦးမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထို့အတူ ကိုဗစ်- ၁၉ ဟာ အမေရိကန်အိုးပင် တင်းနစ် ပြိုင်ပွဲတွေကိုလည်း ရိုက်ခတ်ခဲ့ပါတယ်။ ။
ကိုးကား-အေအက်ဖ်ပီ


