ဝါရှင်တန်  ၂၇ နိုဝင်ဘာ

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ နောက်တစ်ဆင့် ကြားနာစစ်ဆေးမှုကို ဒီဇင်ဘာ ၄ ရက်တွင် ထပ်မံပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ယင်းနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ရှေ့နေကိုလည်း ဖိတ်ကြားထားကြောင်း လွှတ်တော်တရားစီရင်ရေး ကော်မတီက ယမန်နေ့က ပြောကြားလိုက်သည်။


လွန်ခဲ့သော ရက်သတ္တနှစ်ပတ်ခန့်က ဒီမိုကရက်တစ်အမတ်အများစု ဦးဆောင်နေသည့် အမေရိကန်အောက်လွှတ်တော်ရှိ အမတ်များက အိမ်ဖြူတော်အရာရှိများနှင့် နိုင်ငံရေးအရ အမြတ်ထုတ်ရန်ကြံရွယ်လျက် ယူကရိန်းအား စုံစမ်းစစ်ဆေးမှုများကို ဖိအားပေး လုပ်ဆောင်စေရာတွင် နိုင်ငံတော်အာဏာအလွဲသုံးစားလုပ်သည်ဟု အမေရိကန် သမ္မတထရမ့်ကို စွပ်စွဲထားသော သံတမန်များအပါအဝင် သက်သေများကို လူသိရှင်ကြား မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။


အဆိုပါအဆင့်ပြီးစီးခဲ့ပါက လွှတ်တော်တရားစီရင်ရေးကော်မတီဥက္ကဋ္ဌ ဂျယ်ရီနာ့ဒလာက သမ္မတထရမ့်ကို စွပ်စွဲမှုနှင့် ပတ်သက်ပြီး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး လူထုကြားနာ စစ်ဆေးမှုကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်မည်ဟု ပြောခဲ့သည်။


လွှတ်တော်တရားစီရင်ရေးကော်မတီသည် ကြားနာစစ်ဆေးမှု လုပ်ဆောင်ရာတွင် သမ္မတထရမ့်၏ ပူးပေါင်းပါဝင်မှုကို စောင့်မျှော်လျက်ရှိကြောင်း၊ ကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း ဥက္ကဋ္ဌ နာ့ဒလာက ပြောကြားခဲ့သည်။


ကြားနာမှုများတွင် သမိုင်းနောက်ကြောင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စွပ်စွဲချက်များကို ဖော်ပြသွားမည်ဖြစ်ပြီး သမ္မတအား စွပ်စွဲချက်များ နှင့်ပတ်သက်၍ ဥပဒေချမှတ်ရေးတွင်လည်း လွှတ်တော်၏ အခွင့်အာဏာကို ကျင့်သုံးသင့် မသင့်လည်း စဉ်းစားရမည်ဖြစ်ကြောင်း လွှတ်တော်တရားစီရင်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားသည်။


လွန်ခဲ့သောလက လွှတ်တော်က ခွင့်ပြုခဲ့သော ကျင့်ထုံးဆိုင်ရာစနစ်အရ သမ္မတထရမ့်ကို တရားစီရင်ရေးကော်မတီ၏ ကြားနာ စစ်ဆေးမှုသို့ ဖိတ်ကြားခွင့် ရှိပြီး တင်သွင်းလာသော သက်သေများကို သမ္မတအဖွဲ့က မေးခွန်းများမေးမြန်း နိုင်ကြောင်း သိရသည်။


အကယ်၍ သမ္မတထရမ့်က ၎င်း၏အစိုးရအဖွဲ့ဝင်များအား စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီးခွင့်မပြုပါက သင့်တော်သော ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လွှတ်တော်တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌက ပြောကြား ထားသည်။
အေအက်ဖ်ပီ