၇ ဇန်နဝါရီ

 

အီရတ်နိုင်ငံမှ နိုင်ငံခြားစစ်တပ်များ ဖယ်ရှားရာတွင် အမေရိကန် ပါဝင်ကူညီရန် အီရန် က တောင်းဆိုခဲ့သည်။

 

အီရတ်နိုင်ငံ၏ ခေတ္တဝန်ကြီးချုပ် အဒယ် အဘဒူလ် မာဒီ သည် အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မက်သရူး တူလာ နှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အီရန် ထိပ်တန်းစစ်တပ် တပ်မှူး အသတ်ခံရပြီးနောက်ပိုင်းတွင်  အမေရိကန်တပ်ဖွဲ့များအပါအဝင် နိုင်ငံခြားစစ်တပ်များ အီရတ်နိုင်ငံမှထွက်ခွာရန် တောင်းဆိုမှုသည် အီရတ်ပါလီမန်က ယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ၊ ဗိုလ်ချုပ်ကြီး ကာဆမ်း ဆိုလန်မန်းနီ သည် အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်၌ အမေရိကန်လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားခဲ့သည်။

 

အီရတ်ရှိ ရှီအာစစ်သွေးကြွအုပ်စုမှ အကြီးတန်းအဖွဲ့ဝင်တစ်ဉီးလည်း အမေရိကန် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သဖြင့် အီရတ်ပြည်သူများအကြား ဒေါသထွက်စေခဲ့သည်။

 

ထိုဆုံးဖြတ်ချက်နှင့်အညီ နိုင်ငံခြားစစ်တပ်များ ရုပ်သိမ်းရေးတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးပုံကို အီရတ် ခေတ္တဝန်ကြီးချုပ် က အလေးထားပြောကြားခဲ့သည်။

 

လက်ရှိအခြေအနေသည် မည်မျှ အန္တရာယ်ကြီးကြောင်း ထောက်ပြကာ အီရတ်နိုင်ငံအနေဖြင့် စစ်မဖြစ်ရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေသည်ဟု အဆိုပါ ဝန်ကြီးချုပ်ရုံး၏ပြောကြားချက်အရ သိရသည်။

 

အမေရိကန်တပ်ဖွဲ့များ လျင်မြန်စွာရုပ်သိမ်းရန် တိုက်တွန်းခြင်းအားဖြင့် အီရန်နှင့်အမေရိကန် တပ်ဖွဲ့များအကြား ဖြစ်နိုင်ချေရှိသော တိုက်ပွဲများကို ရှောင်ရှားနိုင်ရန် အီရတ်နိုင်ငံက  ကြိုးစားလုပ်ဆောင်နေဖွယ်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို