ဝါရှင်တန်   ၇  ဇန်နဝါရီ

အီရတ်နိုင်ငံအတွင်း၌ ချထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များကို နိုင်ငံအတွင်းမှ ထွက်သွားကြရန် ပါလီမန်လွှတ်တော်က တိုက်တွန်းခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏တပ်ဖွဲ့ဝင်များကို နှင်ထုတ်လျှင် အီရတ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြင်းပြင်းထန်ထန်လုပ်ဆောင်မည်ဟု ခြိမ်းခြောက်လိုက်ကြောင်း သိရသည်။ ။

ကုန်ကျစရိတ်ကြီးမား

သမ္မတထရမ့်က အမေရိကန်က အီရတ်၌ထားရှိသည့် လေတပ်အခြေစိုက် စခန်းတစ်ခုသည် သာမန်မဟုတ်ဘဲ အလွန့်အလွန် ကုန်ကျစရိတ် ကြီးမားသည့် အခြေစိုက်စခန်းတစ်ခု ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ လေတပ်အခြေစိုက်စခန်း ဆောက်လုပ်ရန် ငွေကြေးဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ခဲ့ရသည်ဖြစ်ရာ ယင်းကုန်ကျစရိတ်ကိုပြန်ပေးမှသာ တပ်ဖွဲ့ဝင်များကို အီရတ်မှ ထွက်ခွာစေမည်ဖြစ်ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

တင်းမာမှုများမြင့်တက်

ပြီးခဲ့သည့် ရက်သတ္တပတ်က ဘဂ္ဂဒက်၌ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ လုပ်ကြံခံခဲ့ရပြီးနောက် အီရန်က ယင်းကိစ္စအတွက် လက်တုံ့ပြန်မည်ဟုပြောဆိုခဲ့ပြီး တင်းမာမှုအခြေအနေများ မြင့်တက်လျက်ရှိသည်။ အကယ်၍ အမေရိကန်တပ်ဖွဲ့ဝင်များကို အီရတ်က သူစိမ်းဆန်စွာ နိုင်ငံအတွင်းမှ နှင်ထုတ်ရန် တိုက်တွန်းခဲ့လျှင် အီရတ်နိုင်ငံကို တစ်ကြိမ်တစ်ခါမှ တွေ့ကြုံခဲ့ဖူးခြင်းမရှိသည့် ပိတ်ဆို့မှုမျိုး ပြုလုပ်ခြင်းဖြင့် အရေးယူမည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားလိုက်သည်။

အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွများကို ချေမှုန်းရန် နိုင်ငံတကာ မဟာမိတ်အဖွဲ့၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀ ခန့်ကို အီရတ်၌ ချထားကြောင်း သိရသည်။

အေအက်ဖ်ပီ