နေပြည်တော် ၉ ဧပြီ
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ယနေ့နံနက် ၉ နာရီတွင် အစိုးရဌာနများအတွင်း အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲအခမ်းအနား ပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီနယ်မြေမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များ၊ NGO များမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း(၅၀ဝ)ခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီးမင်းနောင်က အဖွင့်အမှာစကားပြောကြားပြီး မူဝါဒရေးဆွဲရေးနှင့်ပတ်သက်၍ မူးယစ်ဗဟိုမှ ဒုတိယရဲမှူးကြီးဝင်းမြင့်က လည်းကောင်း၊ ထုတ်လုပ်မှုလျှော့ချရေးကဏ္ဍအား မူးယစ်ဗဟိုမှရဲမှူး ကြီးအုပ်စိုးထွန်းက လည်းကောင်း၊ အစားထိုးဖွံ့ဖြိုးရေးကဏ္ဍအား မယ်ဖာလုံဖောင်ဒေးရှင်းမှ ဦးခမ်းအောင်က လည်းကောင်း၊ သုံးစွဲမှုလျှော့ချရေးကဏ္ဍအား UNODC မှ ဒေါက်တာယုယုအောင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒေါက်တာနန္ဒမျိုးအောင်ဝမ်းတို့က လည်းကောင်း၊ နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေးကဏ္ဍအား Merrystope Myanmar မှ ဒေါက်တာစစ်နိုင်က လည်းကောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအား မူးယစ်ဗဟိုမှရဲမှူးကြီး သန့်လွင်မောင်ကလည်းကောင်း၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးကဏ္ဍအား မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း(SARA)မှ ဒေါက်တာဂျော်ထက်ဒိုးက လည်းကောင်း၊ လူ့အခွင့်အရေးများနှင့်အညီ ဖြစ်စေရေးကဏ္ဍအား မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA)မှ ဒေါက်တာမောင်မောင်လွင်နှင့် ပြည်ကြီးခင်လူမှုအဖွဲ့အစည်းမှ ဒေါ်နွယ်ဇင်ဝင်းတို့ကလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြကာ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်ချက်မှတ်တမ်းဗွီဒီယို (Video Clip) ပြသပြီး ရှင်းလင်းပွဲအခမ်းအနား ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ် )


