အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ရည်ရွယ်ချက်ဖြင့် ၁၆ ရက်တာ လူထုပညာပေးအဖြစ် ရုပ်ရှင်ပွဲတော်ပြုလုပ်မည်

ရန်ကုန် ၂၈  စက်တင်ဘာ 
 
ကျား/မ ရေးရာတန်းတူညီမျှရေးကွန်ယက်မှ  ဦးစီးပြုလုပ်မည့်  " ထာဝရဖဲကြိုဖြူ" ရုပ်ရှင်ပွဲတော်အတွက် ပညာပေးအနေဖြင့်ပြသရန်  ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်ကားများ ရွေးချယ်သွားမည်ဟု စက်တင်ဘာ ၂၇ ရက်က  ရန်ကုန်မြို့   ဗိုလ်တထောင် ဘုရားလမ်းရှိ       Orchid         ဟိုတယ်တွင်ပြုလုပ်သော အကြိုစာနယ်ဇင်းရှင်းလင်းပွဲမှာသိရသည်။
 
အဆိုပါ ပြိုင်ပွဲသို့ ယှဉ်ပြိုင်လိုသူများအနေဖြင့်   ကျား/မ ရေးရာ တန်တူ ညီမျှရေး  (သို့မဟုတ်) အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးတို့ကို ထင်ဟပ်စေသောအကြောင်းအရာများကို ကိုယ်တိုင်ရိုက်ကူး၍ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
 
" ကျွန်တော်တို့   ဒီပွဲကို (၁၆) ရက်တာလှုပ်ရှားမှုလို့လည်းဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကမ္ဘာနှင့်အဝန်းမှာ နှစ်စဉ်ကျင်းပကြတဲ့ လူထုလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုဆိုတဲ့အတိုင်း နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာကာလအတွင်းမှာ လူထုအသိပညာပေး အခမ်းအနားများ၊ မီဒီယာများမှ အသိပညာပေးအစီအစဉ်များနှင့် လူထု စုပေါင်းလှုပ်ရှားမှုများ အစရှိတဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်ကြတာဖြစ်ပါတယ်။ကျွန်တော်တို့  မြန်မာနိုင်ငံမှာဆိုရင်လည်း ၂၀၁၂ ခုနှစ်ကတည်းက ဒီ ၁၆ ရက်တာ လှုပ်ရှားမှုကို ဖဲကြိုးဖြူ လှုပ်ရှားမှုနဲ့တွဲဖက်ပြီး လူထုလှုပ်ရှားမှု အမျိုးမျိုးပြုလုပ်ခဲ့ပါတယ် ၊  အခု ၂၀၁၈ ခုနှစ်မှာတော့  “ထာဝရ ဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်” ကို ကျင်းပမှာပဲ ဖြစ်ပါတယ်။ 
 
ဖဲကြိုးဖြူတပ်ဆင်ခြင်းကတော့ အမျိုးသမီးတွေအပေါ်မှာ အကြမ်းမဖက်ပါဘူး၊ အကြမ်းဖက်မှုပပျောက်ဖို့ ဆောင်ရွက်ရာမှာလည်း ပါဝင်ပါမယ်လို့ ကတိပြုပါတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ အဲတာကြောင့် ဒီလို ၁၆ ရက်တာ လှုပ်ရှားမှုနဲ့ ဖဲကြိုးဖြူ လှုပ်ရှားမှုတွေမှာ ပါဝင်ကြနိုင်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ် " ဟု ယင်းပွဲဖြစ်မြောက်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည် ။
 
အဆိုပါ ၊ မ ရေးရာ တန်းတူညီမျှရေး (Gender Equality) သို့မဟုတ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကို ထင်ဟပ်ပုံဖော်ရိုက်ကူးထား သော  ရုပ်ရှင်ဇာတ်ကားများကို  ပေးပို့ကြသူများအတွက်   အကြိုက်ဆုံးဇာတ် ကားများရွေးချယ်ပြီးလျှင် ဆုကြေးအဖြစ် “ထာဝရ ဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်” မှတ်တမ်းရုပ်ရှင်ဆု    - အမေရိကန်ဒေါ်လာ ၁၅၀ဝ  ၊ “ထာဝရ ဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်” ဇာတ်လမ်းတိုဆု     - အမေရကန်ဒါ်လာ ၁၅၀ဝ၊ “ထာဝရ ဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်” လူကြိုက်အများဆုံးဆု -  အမေရိကန်ဒေါ်လာ ၁၀ဝ၀ များ သတ်မှတ်ပြီး အသီးသီးချီးမြှင့်သွားမည်ဖြစ်ပြီး ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင် ရုပ်ရှင်များကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ ညနေ ၅ နာရီ နောက်ဆုံးထားပြီး ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် ပေါင်းစပ်ညှိနှိုင်းရေးရုံး - တိုက်အမှတ် (၉၉)၊ အခန်း (၁ အေ - ဒီ)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ (ဖုန်း ဝ၉-၄၂၁၁၄၄၃၉၄) သို့ ရုံးချိန်အတွင်း ပေးပို့နိုင်ကြောင်း သိရသည် ။
 
ကိုလင်း