သတင်းဆောင်းပါး - နီမော်
နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက် မြဲဖြစ်တဲ့ မြန်မာအမျိုးသမီးများနေ့ကို (၁၇)နှစ်မြောက် အဖြစ် ကြုံတွေ့ရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အမျိုး သမီးဦးရေဟာ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်းအရ ၂၆ ဒသမ ၆ သန်းခန့်ရှိတဲ့အတွက် တစ်နိုင်ငံ လုံးလူဦးရေစုစုပေါင်းရဲ့ ထက်ဝက်ကျော်ရှိနေတာ ဖြစ်ပါ တယ်။ အင်အားအချိုးအစား များပြားနေတဲ့ အမျိုးသမီး များရဲ့ အင်အား၊ စွမ်းရည်ကို စနစ်တကျသုံးစွဲနိုင်ရင်တော့ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာ အမှန်ပဲဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ကုလ သမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးညီလာခံဟာ အခု ၂၀၂၀ ပြည့်နှစ်မှာ ၂၅ နှစ်ပြည့်မြောက်ခဲ့ပါပြီ။
အဲဒီညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍစုံမှာ အမျိုးသမီးများ တန်းတူအပြည့်အဝပါဝင်ခွင့်ရရှိရေးဆိုတဲ့ မျှော်မှန်းချက်ကို မြန်မာနိုင်ငံ အပါအဝင် တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက ကိုယ်စားလှယ်များက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၉၅ခုနှစ် ပေကျင်းညီလာခံရဲ့ အမှန်တရားဟာ အခုအချိန်အခါမှာ ပိုပြီးခိုင်မာလာခဲ့တယ်။ အကြောင်းကတော့ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက် ရှိနေတဲ့ အမျိုးသမီးများကို ချန်ထားခဲ့ရင် ရှေ့သို့ မရောက်နိုင်ဘူးဆိုတာဖြစ်ပါတယ်။ အမျိုးသမီးများနဲ့ မိန်းကလေး ငယ်များသာ ပါဝင်ခွင့်၊ အခွင့်အရေးရလာခဲ့ရင် နိုင်ငံများမှာ စီးပွားရေးဖွံ့ဖြိုးပြီး ချမ်းသာကြွယ်ဝလာနိုင်တယ်ဆိုတဲ့ အထောက်အထားများ ရှင်းရှင်းလင်းလင်း ရှိလာခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (OECD)ရဲ့ တွေ့ရှိချက်အရ အလုပ်အင်အားစုအတွင်း ပါဝင်ရာမှာ အမျိုးသမီးနဲ့ အမျိုးသား ကြားကွာဟမှုကို ပယ်ဖျက်နိုင်မယ်ဆိုရင် ကမ္ဘာ့ GDP ဟာ ၂၀၃၀ ပြည့်နှစ်ရောက်ရင် ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် OECD ရဲ့ တွေ့ရှိချက်အတိုင်း လိုက်နာဆောင်ရွက်နိုင် မယ်ဆိုရင် မြန်မာနိုင်ငံလို ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ ကြီးမားလာသလို နိုင်ငံလည်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုး တက်လာမှာ ဧကန်အမှန်ဖြစ်ပါတယ်။
ဒီနေ့မြန်မာနိုင်ငံရဲ့ အမျိုးသမီးများ
ဒီနေ့ကမ္ဘာဟာ ကိုဗစ်ကမ္ဘာဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ (COVID-19) ဟာ ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် WHO က ကြေညာလိုက်တဲ့အချိန်မှစပြီး ကမ္ဘာ့ နိုင်ငံအသီးသီးဟာ လှုပ်လှုပ်ရွရွကြီး ဖြစ်သွားခဲ့ရပေမယ့် ဒီနေ့အထိ ကာကွယ်ဆေး၊ ကုသဆေးမပေါ်သေးတာ ကြောင့် လူတိုင်းဟာ (COMID-I9) ကို ခုခံကာကွယ်နေကြ ရတဲ့အချိန်ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံလို စိန်ခေါ်မှု များစွာ ရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတစ်ခုဟာ ဒီဆိုးရွားလှတဲ့ (၂၁) ရာစု ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်တွန်းလှန်နိုင်ပါ့မလားဆိုတာ အစိုးရရော ပြည်သူ များပါ ခေါင်းမီးတောက်ခဲ့ရတဲ့ အခြေအနေကြီးဖြစ်ခဲ့ရပါ တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပေါ်နေတဲ့ ရောဂါ ခုခံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ၊ မရှိသူ အားလုံး ရဲ့ ရုန်းကန်လှုပ်ရှားမှုပုံတွေ၊ မတတ်သာတဲ့အဆုံးမှာတော့သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ မြင်မကောင်း၊ ရှုမကောင်း သင်္ဂြိုဟ်ကြရတဲ့ ပုံတွေ၊ အသက်ရှင်ရေး အတွက် နေ့စဉ်အာဟာရကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း မှီဝဲကြရပုံတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေသာမက သတင်း တွေကိုပါ ဖတ်ရှုရင်း မှန်၊ မမှန် စဉ်းစားချင့်ချိန်၊ ဆင်ခြင်တုံ တရား လက်ကိုင်ထားကာ မှတ်သားနာယူကြရတာတွေ၊ မိမိနိုင်ငံမှာ ဘယ်လိုရင်ဆိုင်ကြရမလဲဆိုတာ ကြိုတင် စီစဉ်ကြ၊ တွေးတောကြံဆကြ၊ ရောဂါကို အနိုင်ဘယ်လို ယူကြမလဲလို့ နည်းနာရှာကြရတာတွေ၊ ကြောက်နေရုံနဲ့ မပြီးဘဲ တကယ့်လက်တွေ့ရင်ဆိုင်ကြဖို့ အားမွေးကြရ၊ စိတ်တင်းထားကြရတာတွေကို ကျော်ဖြတ်ခဲ့ကြပြီး ပါပြီ။
ရှေးယခင် ခေတ်တွေကဆိုရင် အခုလို ကပ်ရောဂါ အကြောင်းကို သတင်းစာ၊ သတင်းကြေညာချက်တွေမှာသာ ကြားသိရမှာဖြစ်လို့ လျင်လျင်မြန်မြန် ထက်ထက်မြက်မြက် ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ အခုလိုနည်းပညာ ပေါက်ကွဲနေတဲ့ ခေတ်ကြီးမှာ အင်တာနက်ကနေ စက္ကန့်မလပ်အောင် သိနေမြင်နေကြားနေကြရတာကြောင့် စိုးရိမ် ပူပန်ကြောက်စိတ်ကို ဘယ်လိုကျော်လွှားကြမလဲဆိုတဲ့ နည်းနာကိုပါ တစ်ပြိုင်နက် အဖြေရှာလုပ်ဆောင်ကြချိန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအဖို့ ကိုဗစ်အတွက် ပြင်ဆင်ချိန် အများကြီးရတဲ့အပြင် နည်းနာအမျိုးမျိုးကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဇန်နဝါရီလက ရောဂါပိုးအတည်ပြုစဉ်က မြန်မာနိုင်ငံမှာ အေးအေး ဆေးဆေး ရှိနေတုန်းပါ။ WHO က ကြေညာထားတဲ့အတိုင်း ရောဂါပိုးကိုတော့ သေချာပေါက်ရင်ဆိုင်ကြရမယ်လို့ တွက်ဆကာ ဘက်စုံပြင်ဆင်ခဲ့ကြရာမှာ အစိုးရ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ စုပေါင်း အလှူရှင်များ၊ ပုဂ္ဂလိကအလှူရှင်ကြီးများ၊ လူအင်အား၊ ငွေအင်အား၊ ပစ္စည်းများ စွာဟာ မေတ္တာစိတ်နဲ့ ကိုယ်ချင်း စာနာစိတ်တို့ကို အခြေခံပြီး ထွက်ပေါ်လာခဲ့ပါတယ်။
အင်အားကြီးနိုင်ငံကြီးများဖြစ်ကြတဲ့ အမေရိကန် နိုင်ငံနဲ့ တရုတ်နိုင်ငံတို့လို မပြည့်စုံရလေခြင်းဆိုတဲ့ အားငယ်အားလျော့စိတ်တွေ အရည်ပျော်ကျကုန်ခဲ့ပါတယ်။ အစိုးရနဲ့ ပြည်သူလူထု လက်တွဲညီညီ အပေးအယူမျှမျှ သမာသမတ်ကျစွာ မေတ္တာရှေ့ထားလုပ်ဆောင်ခဲ့ကြပါတယ်။ ကပ်ရောဂါဘေးဆိုးကြီးကို ပြည်သူသာအဓိက ဆိုတာလို ပြည်သူလူထုတွေကိုယ်တိုင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာကြဖို့လိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ရောဂါဆိုးကြီးရဲ့ ပထမလှိုင်းရိုက်ခတ်ချက်ကို အောင်မြင်စွာ ကျော်လွှားခဲ့ တယ်လို့ဆိုရပါမယ်။ ထင်သာမြင်သာတဲ့ အကြောင်းရင်းကတော့ အများသိကြတဲ့အတိုင်း မြန်မာနိုင်ငံအစိုးရအဖွဲ့ အထူးသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူထုအများစုက ချစ်ခင်လေးစား ယုံကြည်မှု၊ အစိုးရအဖွဲ့ရဲ့ ထိရောက်ထက်မြက်တဲ့ စွမ်းဆောင်နိုင်မှု၊ ကောင်းမွန်စွာ လည်ပတ်နိုင်တဲ့ နိုင်ငံယန္တရားတို့က ပြည်သူများကို လမ်းမှန် ညွှန်ပြပေးပြီး ကပ်ရောဂါဆိုးကြီးကို ထိထိရောက်ရောက် ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။
စာရေးသူတစ်ခု ဖြည့်စွက်ရေးသားလိုတာကတော့ ဆရာတော်၊ သံဃာတော်ကြီးများကလည်း ပရိတ် တရားတော် များကို နေ့စဉ်ရပ်ကွက်အတွင်းမှာ ရွတ်ဖတ်ပေးခြင်း၊ ကားများနဲ့ လှည့်လည်ရွတ်ဖတ်ပေးခြင်း၊ ရဟတ်ယာဉ် ပေါ်မှာ ပရိတ်ရွတ်ပြီးနောက် ပရိတ်ရေများ ဖျန်းချပေးခြင်းတို့ကို မေတ္တာရှေ့ထားပြီး ဆောင်ရွက်ခဲ့ကြတာလည်း ရောဂါထိန်းချုပ်ရေးမှာ ပြည်သူလူထုရဲ့ စိတ်ကိုလုံခြုံစေခဲ့ တာကြောင့် အထောက်အကူတစ်ရပ်ဖြစ်တယ်လို့ ထင်မြင် မိပါတယ်။
ကိုဗစ်ထိန်းချုပ်ရေး၊ ကုသရေးအတွက် အမျိုးသမီးများရဲ့ ပါဝင်မှု
မြန်မာနိုင်ငံမှာ ရှေးအတီတေကတည်းက ခေတ်ပေါင်း များစွာမှာ ဘက်စုံထူးချွန်ထင်ရှားကြတဲ့ အမျိုးသမီးများစွာ ရှိခဲ့ပါတယ်။ ကိုယ်ကာယ အားနွဲ့သူမိန်းမသားဖြစ်ပေမယ့် ဓားခုတ်၊ မြင်းစီး၊ သေနတ်ပစ်၊ ဂျူဒို၊ သိုင်း စတဲ့ အတတ် ပညာမှာ အမျိုးသားများနဲ့ ရင်ပေါင်တန်းနိုင်ခဲ့သလို နှလုံးရည်၊ ဉာဏ်ရည်မှာလည်း ထူးချွန်ပြောင်မြောက်ခဲ့ကြ ကြောင်း လူအများလက်ခံကြပြီးသားပါ။ အခု ကမ္ဘာနာကြီးလည်း ကြုံတွေ့ရသော အရင်ကမတက်ကြွသူတွေ တောင် တက်ကြွလာပြီး အသက်ကိုစွန့်လှူ လုပ်ဆောင်ဖို့ တောင်းဆိုကြတာကြောင့် ကူးစက်ဆေးရုံတွေကို ရဲရဲရင့်ရင့်သွားရောက်တာဝန်ယူကြပါတယ်။
ကူးစက်ရောဂါရှင်တွေ ကုသပေးရာ ရန်ကုန်မြို့က ဝေဘာဂီဆေးရုံကြီးမှာ အမျိုးသမီးကျန်းမာရေးဝန်ထမ်း အဆင့် အသီးသီးဟာ ကျရာတာဝန်ယူကြတာက နေ့မှန်း ညမှန်း မသိအောင်ပါပဲ။ ဂျူတီလဲဖို့ ဝန်ထမ်းမလောက် တာကြောင့် နားဖို့ငြင်းဆန်ကြပါတယ်။ ရောဂါကူးစက် နိုင်မှန်းသိပေမယ့်လည်း လူနာကို အသက်ရှူးစက်တပ်ဆင် ရာမှာ အခြားသူများကို ရောဂါကူးမှာစိုးလို့ တစ်ယောက်တည်း လုပ်ဆောင်ကာ Mask ကို ချွတ်လိုက်တဲ့အတွက် ရောဂါကူးစက်ခံရတဲ့ မေ့ဆေးဘက်ဆိုင်ရာသမားတော်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ ထင်ရှားပါတယ်။ သူ့ကို မြို့လူထုက ဦးညွှတ်အလေးပြုရုံမျှမက ဒီဖြစ်ရပ်ဟာ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကမ္ဘာလုံးတိုင် ပျံ့နှံ့ ကျော်စောခဲ့ပါတယ်။ အမျိုးသမီးဆေးဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ ရှိသမျှငွေကြေးဥစ္စာကို ပုံချလှူဒါန်း နေတဲ့ အမျိုးသမီးများဟာ ကိုဗစ်ရောဂါဆိုးကြီးကို ကြောက်လန့်စိုးရိမ်နေကြတဲ့ မြန်မာပြည်သူအားလုံးကို အသက်ရှူချောင်စေ၊ နှလုံးစိတ်ဝမ်းအေးချမ်းစေခဲ့ပါ တယ်။ ကူးစက်မြန်ရောဂါသတင်းတွေကို မြင်တွေ့နေတဲ့ ကြားက မိမိအသက်နဲ့ မိသားစုဘဝတွေကို အလေးမထား တော့ဘဲ အသက်ကို စွန့်လှူပေးအပ်မှုဟာ သူရဲကောင်း စိတ်ဓာတ်လို့ခေါ်ဆိုအပ်သလို သူတော်ကောင်းစိတ်များ လည်း ကိန်းအောင်းနေတာ ဖြစ်ပါတယ်။ တစ်ဦးချင်း၊ အစုအဖွဲ့လိုက် ကိုယ်ကျိုးလုံးဝကင်းရှင်းစွာ လှုပ်ရှားကြတဲ့ မြန်မာတိုင်းရင်းသူ အမျိုးသမီးများရဲ့ စိတ်ထားဟာ မြင့်မြတ်သွားတာကတော့ ဗြဟ္မစိုရ်တရားလေးပါး (ခေါ်) ဗြဟ္မ ဝိဟာရတရားတွေ ထွန်းကားလာလို့ ဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှု
၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာတော့ ပြည်သူ အားလုံး စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ကုန်ပါပြီ။ အကြောင်း ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရှိတဲ့ ပထမဆုံးလူနာကို စစ်ဆေးတွေ့ရှိမှုကြောင့်ပါပဲ။ လူထုအုပ်ချုပ်ရေးအဖွဲ့များနဲ့ ပရဟိတအဖွဲ့များက ကူးစက်မြန်ရောဂါကိုဘယ်လိုကာကွယ်ရမယ်၊ ဘယ်လို နေထိုင်စားသောက်ကြရမယ်၊ အထူးသဖြင့် အိမ်ထဲမှာနေဖို့၊ Mask တပ်ဖို့၊ လက်ဆေးဖို့၊ ပိုးသတ်ဆေးရည် သုံးဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြ ဖို့ကို ကားနဲ့လှည့်လည်သတိပေး ပြောကြားကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် လက်ကို စနစ် တကျဆေးကြောပြတာကို ရုပ်မြင်သံကြား ကြည့်ရှုသူတိုင်း နေ့စဉ်တွေ့မြင်တော့ လိုက်နာကြတယ်။ Mask ကို တပ်ဖို့နှိုးဆော်တဲ့အပြင် Mask ချုပ်လုပ်တဲ့ပြိုင်ပွဲကိုတောင် ကျင်းပခဲ့၊ ဆုရသူတွေဆုပေးခဲ့၊ ဂုဏ်ပြုလက်ဆောင် အထိမ်းအမှတ် ကတ်ပြားတွေလည်း ပေးအပ်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်အဝင်ကတည်းက ကိုဗစ်ကြောင့် ထိတ်လန့်စိုးရိမ်နေကြပေမယ့်၊ မြန်မာနိုင်ငံရဲ့ နယ်ပယ် အသီးသီးက အမျိုးသမီးများဟာ ကိုယ့်ကျရာတာဝန် ဝတ္တရားတွေကို စေ့စပ်သေချာမှုတွေနဲ့ ဆောင်ရွက်နေကြ တာကတော့ ရေရှည်မာရသွန် (ကိုဗစ်)ကို ရင်ဆိုင်တွန်းလှန်ကြဖို့ဖြစ်ပါတယ်။ ရောဂါဆိုးကြီးနဲ့ အတူ တွဲဖက်ရင်ဆိုင်နေကြရတဲ့ အရေးအကြီးဆုံး စားဝတ်နေရေးပြေလည်စေရေးအတွက် အိမ်ရှင်မတွေဟာ နည်းမျိုးစုံ ညှိနှိုင်းဆောင်ရွက်ကာ မိသားစုကို တာဝန်ယူ ကြတာကလည်း နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန် တစ်ခုပဲ မဟုတ်ပါလား။ တစ်ဦးတစ်ယောက်ကောင်းမှ မိသားစုကောင်းမယ်၊ မိသားစုများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုလုံး ကောင်းမွန်လာမယ်။
ဒါကြောင့် အိမ်ရှင်မတွေရဲ့ အခန်းကဏ္ဍဟာ ကိုဗစ်ကာကွယ်တွန်းလှန်ရေးမှာ ထိပ်တန်းကို ရောက်လာတာ ဖြစ်ပါတယ်။ “အမျိုးသမီးတွေဟာကောင်းကင်တစ်ဝက်ပိုင်တယ်။ ပုခက်လွှဲသော မိခင် လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်” ဆိုတဲ့ စကားအတိုင်း မိသားစုကို ဦးဆောင်နိုင်တာဟာ နိုင်ငံအပေါ် တာဝန်ယူခြင်းတစ်နည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဆိုးကြီးကြောင့် အကောင်းနဲ့ အဆိုး၊ ဆုတ်ယုတ်မှုနဲ့ တိုးတက်မှု တွေပြောင်းလဲဖြစ်ပေါ်လာပြီး အမျိုးသမီးတွေရဲ့ ဇွဲ၊ သတ္တိ၊ စေတနာနဲ့ အနစ်နာခံမှုတွေကို အံ့မခန်းတွေ့မြင် လာရတာ ဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံရဲ့ တွေ့ကြုံသမျှ ပြဿနာများကို ခေါင်းဆောင် ကောင်းပီသစွာ ဒိုင်ခံဖြေရှင်းပါတယ်။ ပြဿနာရှိတာက ကြောက်စရာမလိုပါ။ မထူးဆန်းပါ။ ဖြေရှင်းနည်းရှာပြီး ဖြေရှင်းကြရမှာ ဖြစ်တယ်လို့လည်း သွန်သင်ခဲ့တာကတော့ အလေးအမြတ်ပြုစရာ စကားဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထု လူတန်းစား အလွှာအသီးသီးက အမျိုးသမီးများ၊ ကျန်းမာရေးဆိုင်ရာ အစိုးရဝန်ထမ်း အမျိုးသမီးများ၊ လုပ်ငန်းရှင်အမျိုးသမီးများနဲ့ ဗီဒီယိုကွန်ဖရင့် မကြာခဏ တွေ့ဆုံပြောကြားခဲ့ပါတယ်။
အသက်နဲ့အမျှ အစိုးရတွေ တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲခဲ့ရာမှာ အခုအစိုးရရဲ့ ငါးနှစ်တာကာလအတွင်း ဆောင်ရွက်ချက်များဟာ ဒီမိုကရေစီအကျဆုံးလို့ ထင်မြင်ယူဆမိပါတော့တယ်။ အစိုးရခေါင်းဆောင် များ ကိုယ်တိုင် လူထုအစိုးရပီပီသသနှိမ့်ချမှုရှိရှိနဲ့ အခက် အခဲဟူသမျှကို ကျော်လွှားနေကြတယ်။ ကိုဗစ်အရေးဟာ လည်း အမျိုးသားရေးတာဝန်မို့ မဆုတ်မနစ်စိတ်ဓာတ်နဲ့ အကောင်းဆုံးလုပ်ဆောင်နေကြတာ တွေ့မြင်ရပါတယ်။ မတူညီတဲ့ နယ်ပယ်၊ မတူညီတဲ့ အတွေ့အကြုံတွေ၊ ယုံကြည်မှုတွေ၊ ခံစားချက်တွေကို တိုင်းသိပြည်သိ ဖွင့်လှစ်ပြီး ညှိနှိုင်းကာ ရှေ့ တစ်ဆင့်တိုးဆောင်ရွက် နေတာဟာ အစိုးရကျောင်းတို့ရဲ့ အင်္ဂါရပ်ပါပဲ။ ကိုဗစ် ကပ်ရောဂါကြီးဟာ ထိန်းချုပ်ရခက်ကြောင်း၊ မာယာများကြောင်း သိရှိလာတဲ့အခါမှာ ကမ္ဘာ့ကပ်ရောဂါကျရောက် တိုင်းမှာ လူတို့ထားရှိအပ်တဲ့ မေတ္တာတရားကို ထားရှိ ခြင်း၊ ပွားများခြင်းတို့ကသာ ရောဂါကိုတိုက်ဖျက်နိုင် မှာဖြစ်ပါတယ်။
ကပ်ရောဂါရဲ့ နောက်ဆက်တွဲအဖြစ် စီးပွားရေး ပျက်ကပ်နဲ့အတူ ဖြစ်ပေါ်လာမယ့် မလိုလားအပ်တဲ့ အရာတွေကို လူ့အဖွဲ့အစည်းက လက်ခံကြရပါလိမ့်မယ်။ ကမ္ဘာတစ်ဝန်းရှိ ခေါင်းဆောင်တွေရဲ့ ဦးဆောင်ဦးရွက် ပြုနိုင်တဲ့ အရည်အချင်းကို တစ်ကမ္ဘာလုံးက ပြည်သူ လူထုကြီးဟာ မျက်ဝါးထင်ထင်တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ အခု ကိုဗစ်ကပ်ရောဂါရဲ့ ပထမလှိုင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးပြီး ကျွမ်းကျင်လိမ္မာ ပါးနပ်စွာ၊ ရဲရင့်ထက်မြက်စွာ၊ ရိုးသားပွင့်လင်းစွာနဲ့ ကျော်လွှားပြခဲ့ပါပြီ။ မြန်မာတိုင်းရင်းသူအမျိုးသမီး များလည်း ခေါင်းဆောင်နောက်က ဖြောင့်ဖြောင့်ကြီး လိုက်နေကြတာက တစ်တပ်တစ်အားဖြစ်နေပါတယ်။ ပထမလှိုင်းပြီး တော့ အရာအားလုံးဟာ နဂိုနေထိုင်မှု ပုံစံအတိုင်း ဘောင်မဝင်တော့လို့ (New Normal) အတိုင်း နေထိုင်စားသောက်ကြရပါပြီ။ အခုပြင်ဆင် နေတာက ဒုတိယလှိုင်းအတွက်ပါ။ ဒီတစ်ကြိမ်မှာလည်း “ပြည်သူအဓိက” လုပ်ဆောင်ကြရမှာပါပဲ။ ရောဂါဆိုးနဲ့ အတူကပ်ပါလာမယ့် လူမှုဒုက္ခအမျိုးမျိုးကိုလည်း မလွဲ မသွေရင်ဆိုင်တတ်ဖို့ အမျိုးသမီးထုကြီးတစ်ရပ်လုံး အားတင်းထားကြရပါမယ်ဆိုတဲ့အကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။


