မိတ္ထီလာ  ၁   ဧပြီ 


မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၈၅ မိုင် သီးကုန်းယာဉ်ရပ်နားစခန်း၌ သင်္ကြန်ကာလအတွင်း ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးနှင့် ကာမစိတ်ကြွဆေးများ ရောင်းချမှု မရှိရေးနှင့် မူခင်းကျဆင်းရေးတို့အတွက် မတ် ၃၁ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့က      အသိပညာပေး ဆောင်ရွက်ကြောင်း သိရသည်။


“အမြန်လမ်းမကြီး သီးကုန်းယာဉ်ရပ်နားစခန်းမှာရှိတဲ့ လမ်းအနောက်ဘက် ယာဉ်ရပ်နားကွင်းနဲ့ လမ်းအရှေ့ဘက် ယာဉ်ရပ်နားကွင်းမှာ ရှိတဲ့ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူတွေ အနေနဲ့ မူးယစ်ဆေးဝါး၊ ကာမစိတ်ကြွဆေးများနဲ့ ဆင်ဆာမဲ့ ဗီဒီယိုခွေများ ရောင်းချမှု မရှိစေရေး၊ ခွင့်ပြုချက် မရှိဘဲ အရက်၊ဘီယာ၊ ထန်းရည်ရောင်းချမှု မရှိရေးနဲ့ မှုခင်းကျဆင်းရေး တို့အတွက် အသိပညာပေး ဟောပြောခြင်းကို သီးကုန်းအမြန်လမ်းမကြီးရဲစခန်း၊ အမြန်လမ်းမကြီးမီးသတ်စခန်း (သီးကုန်း)၊ အမြန်လမ်းမကြီး ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ (သီးကုန်း) တို့ ပူးပေါင်းပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။


ဆက်လက်ပြီး အမြန်လမ်းမကြီးပေါ်မှာ မောင်းနှင်တဲ့ မော်တော်ယာဉ်မောင်းများအနေနဲ့ အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်း မပြုရေး၊ သတ်မှတ်ကီလိုအမြန်နှုန်းတွင်းသာ မောင်းနှင်ရေး၊ လက်ကိုင်ဖုန်းပြောပြီး ယာဉ်မောင်းနှင်ခြင်း မပြုရေး၊ မော်တော်ယာဉ်ပေါ်မှာ မီးသတ်ဆေးဗူးထားရှိရေး၊ အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ပြီး ယာဉ်စီးယာဉ်မောင်းပြုရေးတို့ကိုလည်း  စစ်ဆေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့ပါတယ်”ဟု သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မိုးညွန့်ဦး က  ပြောသည်။


မိတ္ထီလာမြို့နယ်အတွင်းပါဝင်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာပြီး မောင်းနှင်ရေး၊  အမြန်လမ်းမကြီးဘေးတစ်လျှောက်ရှိ ကျေးရွာဒေသခံများ အနေဖြင့် အမြန်လမ်းမကြီးဥပဒေကို သိရှိလိုက်နာရေး၊ ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှု မရှိစေရေးတို့ကို  သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းက စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 


ချမ်းသာ (မိတ္ထီလာ)