မြင်းခြံ ၁ ဧပြီ 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီးတွင် တည်ရှိသည့် အမှတ် (၆) စက်မှုသင်တန်း ကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်းပွဲကို ကျောင်းခန်းမတွင် ဧပြီလ (၁) ရက်၊ နံနက် (၉) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

1

 

အဆိုပါ သင်တန်းဆင်းပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး စံပြသင်တန်းသား ထူးချွန်ဆုနှင့် ဘာသာရပ်အလိုက် ထူးချွန်ဆု (၂ )ဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်။ 

 

2

 

ဆက်လက်၍ အိန္ဒိယကောင် စစ်ဝန်ချုပ် Mr Nandan Singh Bhaisora မှ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ပေးအပ်ခြင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်မှလည်း ဘာသာရပ် အလိုက် ထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် ကျောင်းအုပ်ကြီး  ဦးမျိုးကိုကိုမှ သင်တန်း တက်ရက်မှန်ဆုနှင့် သင်တန်းဆင်းအောင် လက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ 

 

3

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများသည် တက်ရောက်လာသည့် သင်တန်းသားများနှင့် သင်တန်းသား မိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး၊ သင်တန်းသားများ၏ သင်တန်းဆင်းစွမ်းရည်ပြသမှုအဖြစ် သင်တန်းသားများကိုယ်တိုင် တီထွင်တပ်ဆင် ထုတ်လုပ်သော စက်မှုပစ္စည်းများကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြသည်။ 

အမှတ် (၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင် (၁) နှစ် သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေ၊ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr Nandan Singh Bhaisora၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းတွင် သင်တန်းသား (၁၈၅) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။

ဦးဇော်မင်းနိုင်(မြင်းခြံ)