နေပြည်တော် ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် သည် ယမန့်နေ့က လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်- ပုသိမ်လမ်းမတစ်လျှောက် FMI အိမ်ရာရှေ့မှ အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်း အထိ ၃၃ ကေဗွီလိုင်းနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများ ပြောင်းရွှေ့ တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ဓာတ်အားလိုင်း ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားရေး၊ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေးတို့ကို မှာကြားကာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ လက်ရှိ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ၂၃၀ ကေဗွီ လှိုင်သာယာ ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်သွားနိုင် ရေး မှာကြားပြီး ဓာတ်အားခွဲရုံ ဝန်ထမ်းများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ် သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်၊ တာဝန်ရှိသူများ နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လျှပ်စစ်အင်ဂျင် နီယာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တာဝန်ရှိသူ များက ဟင်္သာတခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ မှု၊ ဓာတ်အားခများ ကောက်ခံမှု၊ မီတာများတပ်ဆင်မှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ညှိနှိုင်းဆောင်ရွက်

ရှင်းလင်းဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးက ဟင်္သာတခရိုင် အတွင်း လက်ရှိဓာတ်အားရရှိမှု အဆင့်မှ ဓာတ်အားသုံးစွဲသူ များပြားလာစေရေး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် သုံးစွဲ ယူနစ်အတိုင်း ဓာတ်အားခများ ကောက်ခံရရှိနိုင်ရေး၊ ဗို့အားပြည့်ဝ စေရေး၊ ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်း ကျဆင်းစေရေးနှင့် ဓာတ်အားခဝင်ငွေ တိုးပွားရေး၊ လက်ရှိကြွေးကျန်များ ကောက်ခံ ရရှိရေး၊ တရားမဝင်သုံးစွဲမှုများ စစ်ဆေးဖော်ထုတ်ရေး ကွင်းဆင်း စစ်ဆေးရာတွင် စစ်ဆေးရေးအဖွဲ့ များက သတ်မှတ်ကွင်းဆင်း စစ်ဆေးမှုပုံစံများနှင့် စစ်ဆေး မှတ်တမ်းတင် ဆောင်ရွက်သွား ကြရန်၊ ဓာတ်အားစဉ်ဆက်မပြတ် ပေးနိုင်ရေးအတွက် System Improvement လုပ်ငန်းများကို တင်ပြဆောင်ရွက်သွားကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်