မနီလာ ၄ ဒီဇင်ဘာ 

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ကမ်မူရီဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်သောကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ ဘေးကင်းရာတွင် ခိုလှုံခဲ့ရကြောင်းနှင့် မြို့တော်မနီလာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ပိတ်ခဲ့ရကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၃ ရက်က ဖော်ပြခဲ့သည်။

အင်အားပြင်းမုန်တိုင်းသည် မနီလာတောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ရာ မုန်တိုင်းကြောင့် တံခါး ပေါက်များ၊ အိမ်အမိုးများလွင့်စဉ်သွားပြီး ကမ်းခြေတစ်ခုလုံးလည်း လေကြီးမိုးကြီးကျရောက်ခဲ့သည်။ မနီလာတောင်ပိုင်းတွင် လူပေါင်း ၁၃ သန်းနေထိုင်လျက်ရှိပြီး မုန်တိုင်း ကျရောက်ချိန်တွင် ကစားသမားထောင်ပေါင်းများစွာလည်း ဒေသတွင်းအရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရောက်ရှိနေခဲ့သည်။

မိုးလေ၀သကြိုတင်ခန့်မှန်းသူများက တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဒီဇင်ဘာ ၃ ရက်နှောင်းပိုင်းတွင် အားပျော့သွားခဲ့ပြီဖြစ်ကြောင်း ပြောခဲ့သော်လည်း လေပြင်းများ တစ်နာရီလျှင် ၉၃ မိုင် (၁၅၀ ကီလို မီတာ) နှုန်းတိုက်ခတ်လျက်ရှိပြီး အဆိုပါလေပြင်းများသည် အနောက်မြောက်ဘက်သို့ ဦးတည်ခဲ့ရာတွင် အများဆုံး တစ်နာရီလျှင် ၂၀၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ခဲ့သည်။

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် သစ်ပင်များ ပြိုလဲခဲ့ကြောင်းနှင့် အိမ်ခေါင်မိုးများလည်း လွင့်ပျံ့ခဲ့ကြောင်း မုန်တိုင်းပထမဆုံး တိုက်ခတ်ခဲ့သည့်ဒေသတစ်ခုမှ ဘေးအန္တရာယ်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့ သည်။ ပျက်စီးမှုများ၏ တန်ဖိုးကို ယခုအချိန်အထိမတွက် ရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယမန်နေ့က အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှု ပြုလုပ်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရဲဌာနက ပြောသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ ခင်ဒိုရိုကျွန်းသို့ ဝင်ရောက် ခဲ့စဉ်က လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လေပြင်းမုန်တိုင်းအန္တရာယ်ကြောင့် မနီလာနီနွိုင် အကွီနိုနိုင်ငံတကာလေဆိပ်ကိုလည်း ပိတ်ခဲ့ရကြောင်း လေဆိပ်အာဏာပိုင်အထွေထွေမန်နေဂျာ အက်မွန်ရီးယားက ပြောခဲ့သည်။

မည်သည့်အချိန်တွင် လေကြောင်းလိုင်းများပြန်ဖွင့် မည်ဆိုသည်ကို မသိရသေးသော်လည်း လေဆိပ်အာဏာ ပိုင်များက ဒီဇင်ဘာ ၃ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီခန့် တွင် လေဆိပ်လုပ်ငန်းများ ပြန်လည်လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက် သည်လည်း ရာသီဥတုပြောင်းလဲမှုအပေါ်တွင် မူတည်ကြောင်း ၎င်းကဆက်လက်ပြောသည်။ လေကြောင်းခရီးစဉ်၅၀၀ နီးပါး ဖျက်သိမ်းခဲ့ရပြီး ခရီး သည်များကိုလည်း လေဆိပ်သို့လာရောက်ခြင်း မပြုကြရန် အာဏာပိုင်များက နှိုးဆော်ထားကြောင်း သိရသည်။

လေဆိပ်တွင်လည်း ခရီးသည်များ သောင်တင်နေကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောခဲ့သည်။


ဘီကိုလ်ဒေသမှ လူပေါင်း ၃၄၀၀၀၀ ခန့် မုန်တိုင်း တိုက်ခတ်သည့် နေရာမှ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အေအက်ဖ်ပီ