နေပြည်တော် ၂၂ ဒီဇင်ဘာ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီက အင်းစိန်မြို့နယ်၊ ရွာမ(အရှေ့)ရပ်ကွက်၊ ဂျပန်လမ်း၊ မြို့တော်ဂေါက်ကွင်းဟိုတယ်၊ မြေညီထပ်၊ အခန်းအမှတ်(၁၂၄)ကိုရှာဖွေရာ ဇင်မောင်ဝင်း အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀ဝ ၊ လက်ကိုင်ဖုန်း (၁)လုံးနှင့် Light Truck အမျိုးအစားမော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၎င်းဟိုတယ်တွင် သူရအောင်အား လက်ကိုင်ဖုန်းတစ်လုံး၊ Honda Fit အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၂နာရီက တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ တာရွှေထန် ကျေးရွာအုပ်စု၊ နန်ကော်ကျေးရွာအနီးရှိ မသင်္ကာဖွယ်မြေစိုက်တဲတစ်လုံးကိုတွေ့ရှိ၍ ရှာဖွေရာ လှိုဏ်ခေါင်းပုံတစ်ခုအား တွေ့ရှိရပြီး ၎င်းအတွင်းမှ Diethyl Ether ၁,ဝ၄၀ လီတာ၊ Sodium Nitrate ၅၀ ကီလို၊ အရိုးမီးသွေး ၂၀ ကီလို တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာ ၂၁ ရက် နံနက် ၇နာရီတွင် တာရွှေထန်ကျေးရွာအုပ်စု၊ နန်ကော်ကျေးရွာအနီး၊ နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၂၀၊ အိုက်စ် ၂ ဒသမ ၅ ဂရမ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းတို့ကိုလည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၂၁ ရက် ၉ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ နောင်ဟုန်း- ယန်းလုံကျေးရွာသွားလမ်းတွင် စိုင်းမွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စု၊ ယန်းပူကျေးရွာနေ အာကိုက်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


