ရန်ကုန်    ၁၁ ဧပြီ   

 

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ စာသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရန် မျှော်မှန်းချက်ဖြင့် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းမုန့်ဈေးတန်းများသို့ ပညာပေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁ဝ နာရီက အင်းစိန်မြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

 

ဟောပြောပွဲဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းဆရာ ဦးခင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နီလာသန်းက စားသုံးသူအကာအကွယ် ပေးရေးအကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

 

အဆိုပါဟောပြောပွဲသို့ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းသားကျောင်းသူ ၃ဝဝ ဦး တက်ရောက်ခဲ့ပြီး စာသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေထားသော စားသုံးသူပြည်သူများ အန္တရာယ်ကင်းစေဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

 

ဆက်လက်၍ အင်းစိန်မြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းကိုလည်း စာသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲနှင့် ပညာပေးလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇွဲထက်ကို(ခရိုင် ပြန်/ဆက်)