အင်ဒိုနီးရှားနိုင်ငံမြေပြိုမှုတွင် ကိုးဦးပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၂၉

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း တောင်ဆူလာဝေစီပြည်နယ်တွင် ငါးဦးသေဆုံးခဲ့သော အဝေးပြေလမ်း မြေပြိုမှုတွင် ပျောက်ဆုံးနေသူကိုးဦးကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရှာဖေွမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။ အဆိုပါမြေပြိုမှုသည် ပြည်နယ်မြို့တော် မာကတ်ဆာမှ ကီလိုမီတာ ၃၄၀ အကွာခန့် Luwu ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးသမားများသည် ဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်းက လေးဦးအလောင်းနှင့် ၂၇ ရက်က တစ်ဦးအလောင်းကို တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့နှင့်စစ်ဘက်ဆိုင်ရာအဖွဲ့များလည်းပါဝင်ကာ ဒရုန်းများနှင့် မြေတူးစက်များကို အသုံးပြုပြီးရှာဖွေခဲ့ကြသည်ဟု တောင်ဆူလာဝေစီ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ Mexianus Bekabelက ဒေသတွင်းမီဒီယာသို့ ပြောကြားသည်။ မိုးရာသီကာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို