အင်ဒိုနီးရှားနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူ ခုနစ်ဦးရှိလာ

မတ် ၂၉

 အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ သုံးဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ယင်းမြေပြိုမှုကြောင့် သေဆုံးသူ ခုနစ်ဦးအထိမြင့်တက်လာသည်ဟု တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။ ကယ်ဆယ်ရေးအဖွဲ့များက အရွယ်ရောက်သူနှစ်ဦးနှင့် ကလေးတစ်ဦး အပါအဝင် သုံးဦး၏ရုပ်အလောင်းကိုယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုပြည်နယ်၏ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး၏ အကြီးအကဲ Supriono က ပြောကြားသည်။ ကယ်ဆယ်ရေးသမားများက အခြားပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ထိုမြေပြိုမှုကြောင့် နေအိမ်ဒါဇင်ပေါင်းများစွာပျက်စီးသွားပြီး ရွာသား ၄၀၀ ကျော်သည် ယင်းကျေးရွာရှိမိုးလုံလေလုံခန်းမနှင့်စာသင်ကျောင်းများတွင် ယာယီခိုလှုံနေထိုင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို