အင်ဒိုနီးရှားနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် လေးဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၂၇

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ဆူလာဝေစီပြည်နယ်တွင် ယနေ့မနက်ပိုင်းက လမ်းမြေပြိုမှုဖြစ်ပွားခဲ့ရာ လေးဦးထက်မနည်းသေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဒေသတွင်  ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့သဖြင့် Bastem Utara တွင် ဒေသစံတော်ချိန်မနက် ၉ နာရီဝန်းကျင်က မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တောင်ပိုင်းဆူလာဝေစီသဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာယာယီအကြီးအကဲ ပန်ဒိုလိုက ဒေသမီဒီယာကို ပြောကြားသည်။ ထိုမြေပြိုမှုကြောင့် လူ ၂၀ ကျော် ထိခိုက်မှုဖြစ်ပွားခဲ့သည်။ ကယ်ဆယ်ရေးသမားများက အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို အနီးအနီးကျေးရွာရှိ ကျန်းမာရေးစင်တာသို့ ပို့ဆောင်ပေးခဲ့သည်။  ထိုမြေပြိုမှုတွင်မော်တော်ဆိုင်ကယ် ၁၀ စီးကျော်နှင့် ကားနှစ်စီး မြေပိခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။ ယင်းသဘာဝဘေးကြောင့် လမ်းပျက်စီးခဲ့ပြီး ကျေးရွာများနှင့်ဆက်သွယ်ထားသော လမ်းကြောင်းသည်လည်း ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ လက်ရှိရာသီဉတု အခြေအနေကြောင့် နောက်ဆက်တွဲမြေပြိုမှုများ ဖြစ်ပွားနိုင်သည်ဟု ၎င်းကဆိုသည်။ အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီကာလအတွင်း  ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို