ဩဂုတ် ၂၄

 

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း ပါပူအာပြည်နယ်ရှိ ဆိုရန်မြို့တွင် ယမန်နေ့က  ၁ ဒသမ ၅ မီတာရှိရေကြီးရေလျှံမှုဖြစ်ပွားကာ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့သည်ဟု ထိုပြည်နယ်ရှိ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအေဂျင်စီက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

 

အဆိုပါသေဆုံးသူနှစ်ဦးမှာ ၃၅ နှစ်အရွယ် မိခင်ဖြစ်သူနှင့် ၎င်း၏သား အသက်ရှစ်နှစ်အရွယ်တို့ ဖြစ်ကြသည်။ ကလေး၏ဖခင်ဖြစ်သူနှင့် သားအမိနှစ်ဦးတို့ နေအိမ်ထဲတွင်ရှိနေချိန်တွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုမြေပြိုမှုကြောင့် ဖခင်ဖြစ်သူ ဒဏ်ရာများရရှိခဲ့သဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

ဩဂုတ်လ ၂၂ ရက်နေ့မှစတင်ကာ သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

 

ထိုနေ့ကရွာသွန်းသောမိုးကြောင့်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများသည် ဩဂုတ်လ ၂၃ ရက်နေ့ညနေအထိတိုင်အောင် ပြန်လည်လျော့ကျသွားခြင်းမရှိပဲ ထောင်နှင့်ချီသောနေအိမ်များ ရေလွှမ်းမိုးခြင်းခံရပြီး သွားရေးလာရေး အဆင်ပြေချောမွေ့မှုမရှိကြောင်း ထိုအေဂျင်စီက ပြောကြားသည်။

 

ရေကြီးရေလျှံမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၉၀၀၀ နီးပါး ၎င်းတို့၏နေအိမ်များမှထွက်ခွာခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို