အင်ဒိုနီးရှားနိုင်ငံ၌ မီးရထားနှင့် မီနီဘတ်စ် တိုက်မိသဖြင့် လူ ၁၁ ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

နိုဝင်ဘာ ၂၀

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် ယမန်နေ့ညနေပိုင်းက ရထားတစ်စင်းက မီနီဘတ်စ်တစ်စီးကိုတိုက်မိသဖြင့် ၁၁ ဦး သေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် မီနီဘတ်စ်တစ်စီးသည် ဒေသစံတော်ချိန် ၁၉ နာရီ ၅၃ မိနစ်က  Ranupakis ကျေးရွာရှိ အတားအဆီးမရှိသော ရထားလမ်းကိုဖြတ်ကူးစဉ် ထိုရထားလမ်းတွင် ရထားတစ်စီး ရုတ်တရက်ထွက်ပေါ်လာကာ မီနီဘတ်စ်ကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ယင်းပြည်နယ်ရှိ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးအကြီးအကဲက ပြောကြားသည်။

မတော်တဆမှုကြောင့် ၁၁ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု  ၎င်းကသတင်းထောက်များကိုဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

ထိုမတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း ယင်းဒေသရှိ ရဲတပ်ဖွဲ့က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို