အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၃၂ ဦးရှိလာ

မတ် ၁၃

အင်ဒိုနီးရှားနိုင်ငံအနောက်ဆူမားတြားပြည်နယ်တွင် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၃၂ ဦး ရှိလာကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။ အဆိုပါအေဂျင်စီ၏ ပြောကြားချက်အရ ရေဘေးသင့်ဒေသ ၁၂ ခုအနက် ငါးခုတွင် ဘေးအန္တရာယ်အရေးပေါ်အခြေအနေကြေညာထားသည်ဟု သိရသည်။ ရေကြီး၊ မြေပြိုမှုများကြောင့် နေအိမ်အလုံးပေါင်း ၁၅၀၀ ကျော်၊ ဝတ်ပြုဆုတောင်းနေရာ ၅၀ ကျော်နှင့် လမ်းပေါင်း  ၁၀ ကျော် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ လွန်ခဲ့သောသီတင်းပတ်က အနောက်ဆူမားတြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်ပွားရာ ဒေသခံ ၇၀၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီအတွင်း ရေဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို