၂၇ ဖေဖော်ဝါရီ

 

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာနှင့် ပတ်ဝန်းကျင်ဒေသများတွင် ရေလွှမ်းမိုးမှုကြောင့် ယမန်နေ့က သေဆုံးသူ ကိုးဦးအထိရှိလာပြီး လူပေါင်း ၆၂၀၀၀ ကျော်မှာ ခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ ၏ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

အနောက်ဂျာဗားပြည်နယ် ဘီကာစီမြို့ရှိ ခိုလှုံရေးစခန်းများသို့ လူပေါင်း ၄၈၇၃၂ ဦး ရောက်ရှိခဲ့ပြီး ထိုပြည်နယ် ကာရာဝမ်ခရိုင် တွင် အခြား ၁၃၇၅၂ ဦးရှိနေသေးကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Agus Wibowo ကပြောကြားခဲ့သည်။

 

အဆိုပါ ရေကြီးမှုသည် တနင်္ဂနွေနေ့တွင် စတင်ဖြစ်ပွားကာ နေရာတော်တော်များများတွင် အင်္ဂါနေ့က အဆိုးဆုံးဖြစ်ခဲ့ပြီး ပြန်လည်ကျဆင်းသွားခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များထံသို့ မက်ဆေ့ချ်ပို့ပြောကြားခဲ့သည်။

 

ထိုမြို့တော်အနီးတစ်ဝိုက်၌ ယခုသီတင်းပတ်တွင် ဖြစ်ပွားခဲ့သော ရေကြီးမှုနှင့်မြေပြိုမှုများသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်ဖြစ်ပြီး နှစ်သစ်ကူးအကြိုနေ့က ဖြစ်ပွားခဲ့သော ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် လူ ၆၇ ဦးကျော် သေဆုံးခဲ့ပြီး လူပေါင်း ၄၀၀၀၀ခန့်မှာ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို