အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်သင်ကြား

နေပြည်တော်   ၁   ဖေဖော်ဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူ့အကျိုးပြုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေလျက်ရှိရာ အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါရုံး၌ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးလင်းမောင်က သင်ကြားမည့် သင်ခန်းစာများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ စိတ်ပါဝင်စားသူ လူငယ် ၂၀ တက်ရောက်လျက်ရှိပြီး အင်္ဂလိပ်စကားပြောနည်းများကို အခြေခံမှစ၍ ရက်သတ္တပတ် ၆ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု သင်တန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အခြေခံစက်ချုပ်သင်တန်း(၆)ကြိမ်၊ အဆင့်မြင့်စက်ချုပ် သင်တန်း (၅)ကြိမ်၊ မုန့်အမျိုးမျိုးပြုလုပ်နည်းသင်တန်း(၂)ကြိမ်၊ အခြေခံကွန်ပျူတာသင်တန်း(၃)ကြိမ်တို့ကို ဖွင့်လှစ်သင်ကြား ပို့ချနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း

 

111