မော်လမြိုင် စက်တင်ဘာ ၂၄
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ထောက်ပံ့မှုများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အမှာစကားပြောကြားပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ သမားတော်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစမ်းသပ် စစ်ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)အသင်းနှင့် ဘိလိယက်နှင့် စနူကာအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အားကစားသမားများအနေဖြင့် ပြည်နယ်၏ ဂုဏ်မြှင့်တင်နိုင်ရေး ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအား ချီးမြှင့်ငွေများ ပေးအပ်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဘိလိယက်နှင့် စနူကာအသင်းတို့မှ တာဝန်ရှိသူများက ချီးမြှင့်ငွေများ ပေးအပ်ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


