ညောင်ရွှေ  ၂ ဧပြီ          

အင်းလေးကန်၏ ရေအတိမ်အနက်ကို လစဉ်တိုင်းတာ ဆောင်ရွက်လျက်ရှိရာ မတ်လနောက်ဆုံးပတ်၏ တိုင်းတာချက်များအရ အနက်ဆုံး စံယူထားသည့်နေရာတွင် ခုနစ်ပေသုံးလက်မရှိကြောင်း အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“အင်းလေးကန်ရဲ့ ရေအတိမ်အနက်နဲ့ အတိုးအလျော့အခြေအနေကို သိနိုင်ဖို့အတွက် ရေအတိမ်အနက် တိုင်းတာခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အင်းလေးကန်ကို တောင်မြောက်တည့်တည့် GPS လိုင်းအတိုင်း အသွားအပြန် နှစ်လိုင်းဆွဲပြီး တည်နေရာကိုးခုကို မူသေသတ်မှတ်တိုင်းတာခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က တိုင်းတာချက်အရ ရေအတိမ်ဆုံး စံယူထားတဲ့နေရာမှာ နှစ်ပေကိုးလက်မရှိပြီး ရေအနက်ဆုံး စံယူထားတဲ့နေရာမှာ ခုနစ်ပေ သုံးလက်မရှိပါတယ်”ဟု အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။

အင်းလေးကန်၏ ပျှမ်းမျှရေအနက်မှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပျှမ်းမျှရေအနက် နှစ်လက်မ လျော့ကျကြောင်း၊ အင်းလေးကန်၏ ရေပြင်အခြေအနေနှင့် ရေအတိမ်အနက် အတိုးအလျော့ အခြေအနေကို အမြဲမပြတ် လေ့လာဆန်းစစ်ရန်၊ အင်းလေးကန် ဘေးမဲ့တောအတွင်းရှိ ရေဝပ်ဒေသ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် အင်းလေးကန် စီမံထိန်းသိမ်းရေးလုပ်ငန်းကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် တိုင်းတာဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်

mdn